မငြိမ်မသက်ဖြစ်နေတဲ့ ကိုဆိုဗိုနိုင်ငံမြောက်ပိုင်းမှာ ဒီဇင်ဘာ ၈ ရက်က ကင်းလှည့် ရဲတပ်ဖွဲ့ဝင် တယောက် တိုက်ခိုက်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့လက ကားနံပါတ်ပြားကိစ္စနဲ့ အငြင်းပွားမှုဖြစ်ပြီးနောက် အလုပ်ကနေ နုတ်ထွက်ခဲ့ကြတဲ့ ဆဗ့်ရဲတပ်ဖွဲ့ဝင်တွေနေရာမှာ အစားထိုးဖို့ တခြားတပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး နှစ်နာရီအကြာမှာပဲ အခုလိုဖြစ်ပွားခဲ့တာပါ။
ကိုဆိုဗိုဘက်က မတည်မငြိမ်ဖြစ်နေတဲ့ မြောက်ပိုင်းဒေသဆီ ရဲအရာရှိတွေ ထပ်တိုးစေလွှတ်ခဲ့ တယ်လို့ ဒီဇင်ဘာ ၈ ရက်မှာ ကြေညာခဲ့တာကြောင့် ဆားဘီယားနဲ့ ကိုဆိုဗိုနိုင်ငံတို့ကြား တင်းမာမှု မြင့်တက်လာခဲ့တာပါ။
အော်ဒီအမျိုးအစား မီးခိုးရောင်ကားပေါ်ကနေ လက်နက်ကိုင် လူတစုက ကင်းလှည့်ရဲတစ်ဦးကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကိုဆိုဗိုရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လာမယ့်ရက်အနည်းငယ်ထဲမှာ နောက်ထပ်ရဲတပ်ဖွဲ့ဝင်တွေ အမိန့်အရ ထပ်တိုးလာဖို့ရှိတယ် လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လက ဆ့ဗ်ရဲအရာရှိ ရာပေါင်းများစွာဟာ ကိုဆိုဗိုရဲတပ်ဖွဲ့ကနေ နုတ်ထွက်ခဲ့တာကြောင့် အဲ့ဒီဒေသမှာ ရဲအင်အားနည်းပါးနေတာပါ။
ကိုဆိုဗိုနိုင်ငံက ဆားဘီယားအစိုးရရုံးအကြီးအကဲ ပီတာပတ်ကိုဗစ်ကတော့ ကိုဆိုဗိုမြောက်ပိုင်းမှာ ရဲတပ်ဖွဲ့တိုးမြှင့်နေရာချမှု အပေါ် ရှုတ်ချခဲ့ပါတယ်။
ဆားဘီယားအနေနဲ့လည်း ကိုဆိုဗိုနယ်မြေအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ ကို ပြန်လည် နေရာချဖို့ စဉ်းစားရလိမ့်မယ်လို့ သူက ဆိုပါတယ်။
ကိုဆိုဗိုပြည်ထဲရေးဝန်ကြီး ဆဗစ်လာက ဆားဘီယားဟာ ကိုဆိုဗိုမြောက်ပိုင်းဒေသက ရာဇဝတ်ဂိုဏ်းတွေကို ထောက်ပံ့ ပေးနေတာဖြစ်ကြောင်း ပြန်စွပ်စွဲပါတယ်။
ကိုဆိုဗိုနဲ့ဆက်ဆံရေး ပုံမှန်ရှိနေဖို့က ဆားဘီယားနိုင်ငံအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ဖို့ အဓိကသော့ချက် ဖြစ်နေပါတယ်။