ပီရူးနိုင်ငံ လီမာမြို့မှာ ဖမ်းဆီးရရှိထားတဲ့ သေနတ်တွေနဲ့ ထူးထူးခြားခြားဆောက်လုပ်ထားတဲ့ ကလေးကစားကွင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပခဲ့ပြီး ပီရူး ကလေးငယ်တွေနဲ့ သူတို့ရဲ့မိသားစုတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒေသခံအရာရှိတွေ ပြောကြားချက်အရ သေနတ်ပေါင်းစုံ အလက် ၅၀၀၀ ကျော်ကို အရည်ကျို လိုက်ပြီး ကလေးတွေ ဆော့ကစားတဲ့ စီးဆောတွေ၊ ဘားတန်းတွေ၊ ဒန်းတွေနဲ့ တခြား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ရေးစက်တွေအဖြစ် ပုံပြောင်းလိုက်တာလို့ ဆိုပါတယ်။
ဒီလို ကနဦး လုပ်ဆောင်ချက်ကို ဒေသခံတွေနဲ့ လက်နက်ထိန်းချုပ်မှု ကြီးကြပ်ရေးအဖွဲ့ (SUCAMEC) က ဦးဆောင်လုပ်ကိုင်တာပါ။
လက်နက်ထိန်းချုပ်မှု ကြီးကြပ်ရေးအဖွဲ့ (SUCAMEC) ဟာ အမျိုးသားရဲတပ်ဖွဲ့နဲ့အတူ ဖမ်းဆီးရမိတဲ့ သေနတ်တွေ၊ တရားမဝင်မှောင်ခိုဈေးကွက်မှ သိမ်းဆည်းရရှိတဲ့ သေနတ်တွေကို Siderperu သံမဏိကုမ္ပဏီဆီ လွှဲပြောင်း အရည်ကျိုပုံဖျက်ပြီး ရာဇဝတ်မှုတွေကို တားဆီးတဲ့ပစ္စည်းတွေ၊ မီနီဂျင်မ် အားကစားသုံး၊ ကစားကွင်းသုံးပစ္စည်းတွေအဖြစ် ပြန်ပုံသွင်း ဖန်တီးလိုက်တာလို့ SUCAMEC အဖွဲ့ခေါင်းဆောင် ဟွမ်န် အလ်ဗာရဇ်က ပြောပါတယ်။
အကြမ်းဖက်မှုကို ငြိမ်းချမ်းမှုအဖြစ် ပြောင်းနေတာလို့လည်း ဆိုပါတယ်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း နဲ့ ၄၃ လမ်း၊ မနော်ရမ္မံ ကစားကွင်းအနီးမှာ စက်တင်ဘာလ ၆ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲ့ဒီဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “ကင်းလှည့်နေတဲ့ ရဲတွေရောက်နေတဲ့ချိန် ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့တော့ သိရတယ်။ ကျနော်က အသံပဲကြားလိုက်ရတာ။ နောက်မှ ရဲတစ်ဦး ခြေထောက်တွေ ပြတ်လုနီးပါး ဖြစ်သွားတယ်လို့ သိရတာ။ မြင်တဲ့သူတွေက စိုးရိမ်ရတဲ့အခြေအနေလို့ ပြောတယ်။ ဗုံးပစ်တဲ့သူကိုတော့ မမိဘူး။” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ၆၂ လမ်းပေါ်ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။