close

ကညင်ချောင်းစီးပွားရေးဇုန်

close

December 13, 2022

ကျပ် ၆ ဘီလီယံကျော် ကုန်ကျခံထားသည့် မောင်တောနယ်စပ် ကညင်ချောင်းစီးပွားရေးဇုန် အလုပ်မဖြစ်သေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်မှာ ကညင်ချောင်းစီးပွားရေးဇုန်ကို  ကျပ်ငွေ ၆ ဘီလီယံကျော် အကုန်ကျခံပြီး တည်ဆောက်ထားပေမဲ့ ခုထိ ဝယ်သူစျေးကွက် အကောင်အထည်မဖော်နိုင်သေးဘူးလို့ နယ်စပ် ကုန်သည်ကြီးတွေက ပြောပါတယ်။

မောင်တောမြို့ခံကုန်သည်ကြီးတဦးက "ယနေ့အထိမဖော်ဆောင်နိုင်သေးဘူး။ ဘင်္ဂလားဒေ့ရှ်ကို မောင်တောနယ်စပ်စီးပွားရေးဇုန်ကနေပဲ ကုန်တွေတင်ပို့ရမှာဗျ။ ဒါမှဝယ်သူစျေးကွက် ဖော်ဆောင်လာနိုင်မှာ အခုက စစ်တွေလို့တမျိုး၊ တောင်ကုတ်လို့ တမျိုး၊ ရန်ကုန်ကနေလည်း တိုက်ရိုက်တင်ပို့နေကြတာတွေရှိနေတော့ စီးပွားရေးဇုန်ဆိုပြီး ဘီလီယံအမြောက်အမြားနဲ့တည် ဆောက်ထားတဲ့ ကညင်ချောင်းစီးပွားရေးဇုန်က ဘာလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေတယ်" လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီလက်ထက် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်ရာမှာ နယ်စပ်မြို့တွေမဟုတ်တဲ့ စစ်တွေ၊ တောင်ကုတ် စတဲ့မြို့တွေမှာ ခရိုနီတွေအလိုကျ ဘင်္ဂလား ဒေ့ရှ်ကို တိုက်ရိုက်ကုန်တင်ပို့ခွင့်ပြုထားလို့ မောင်တောနယ်စပ်ရှိ စီးပွားရေးဇုန်မှာ ကုန်သွယ်မူများစွာ ကျဆင်းနေတယ်လို့လည်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ကုန်သည်ကြီးတဦးက "စစ်တွေ၊ တောင်ကုတ်မြို့တွေက ကိုယ်ပိုင်ဆိပ်ကမ်းတွေကနေ ကုန်တွေတင်ချနေကြတာဗျ။ မောင်တောလမ်းတွေကိုလည်း အဲဒီမြို့တွေက ခရိုနီတွေ ခိုင်းစေချက်အရ စစ်ကောင်စီက လမ်းတွေပိတ်ထားခဲ့တာလို့တော့ ကျနော်တို့ အကြမ်းအားဖြင့်သိထားတယ်။ မောင်တော နယ်စပ်က ကုန်သွယ်မှုများနေတော့ အခွင့်အရေးရတာနဲ့ သူတို့မြို့တွေဘက်က လမ်းကြောင်းတွေ ပွင့်စေချင်တဲ့ သဘောနဲ့ ကြိုးစားနေကြတာတွေ့နေရတာပေါ့ဗျ" လို့ ထောက်ပြပါတယ်။

စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန် စတဲ့မြို့တွေမှာရှိတဲ့  ရခိုင်ခရိုနီသူဌေးတွေဟာ စစ်ကောင်စီအရာရှိတွေ  ရခိုင်ဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်ဆိပ်ကမ်းတွေ တည်ဆောက်ကာ ဘင်္ဂလားဒေ့ရှ်ဘက် ကုန်စည်တွေ တင်ပို့နေကြတယ်လို့လည်း ဆိုပါတယ်။

မောင်တောဒေသခံ စီးပွားရေးသမားတဦးက "နယ်စပ်တွေဆိုတာ နိုင်ငံတခုရဲ့ စီးပွားရေး အဓိကကျတဲ့နေရာတွေပါ။ မြန်မာကတခြားနယ်စပ်တွေကို ကြည့်ပေါ့ဗျာ။ မူဆယ်တို့၊ တာချီလိတ်တို့၊ တမူးတို့ များစွာတိုးတက်နေကြတာလေ။ မောင်တောနယ်စပ်ကိုကြည့်လိုက်တော့ စီးပွားရေးဇုန်ဆိုပြီး ၆ ဘီလီယံတောင် ကုန်ကျခံတည်ဆောက်ထားတယ်။ နာမည်သာကြီးနေတာ။ ဝယ်သူစျေးကွက်မပြောနဲ့ ကားတွေသွားလာဖို့ လမ်းတွေတောင် အဆင်မပြေသေးဘူး" လို့  ပြောပါတယ်။

ကညင်ချောင်းစီးပွားရေးဇုန်ကို မောင်တောမြို့နဲ့ ၄ မိုင်လောက် အကွာမှာရှိတဲ့  ကညင်ချောင်း ကျေးရွာချောင်းမှာ  ဒီရေအတက်အကျအခက်အခဲမရှိဘဲ ၂၄ နာရီ ကုန်သွယ်မှုပြုလုပ်နိုင်တဲ့အတွက်  မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုမြင့်မားလာစေရန်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝယ်သူစျေးကွက်ဖော်ဆောင်နိုင်ဖို့ အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကစတင်ပြီး ငွေကျပ် ၄ ဘီလီယံကျော် အကုန်ကျခံတည်ဆောက်ခဲ့တာပါ။

စီးပွားရေးဇုန်ဟာ မိုးရာသီအသုံးပြုမရနိုင်တဲ့အတွက် စစ်ကောင်စီက နောက်ထပ် ကျပ် ၂ ဘီလီယံလောက် အကုန်ကျခံတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။

8 mins Ago

June 8, 2022

ကညင်ချောင်းစီးပွားရေးဇုန်လမ်းများကို ကျပ်သိန်း ၁၈,၂၀၀ အကုန်ခံ တည်ဆောက်မည်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ ၄ မိုင်လောက်အကွာရှိ  ကညင်ချောင်းစီးပွားရေးဇုန်လမ်းတွေကို မိုးရာသီမှာ အသုံးပြုနိုင်ဖို့ စစ်ကောင်စီက ကျပ်သိန်း ၁၈,၂၀၀ ထပ်မံ အကုန်ကျခံ တည်ဆောက်သွားမယ်လို့ ဇုန်တည်ဆောက်ရေးလုပ်ငန်းကနေ သိရပါတယ်။

ဇုန်တည်ဆောက်ရေး တာဝန်ရှိသူတဦးက “အရင်ပြုလုပ်ထားတဲ့ ဇုန်လမ်းတွေက အမာခံမရှိဘူး။ မိုးရာသီမှာ သုံးလို့မရနိုင်ဘူး။ အဲဒါကြောင့် မိုးရာသီမှာ အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ ဇုန်လမ်းတွေ အမာခံပြုလုပ်နိုင်အောင် ကျပ်သိန်း ၁၈,၂၀၀ ချပေးထားတယ်လို့ သိရတယ်။”လို့ ပြောပါတယ်။

လက်ရှိ ဇုန်လမ်းတွေ အမာခံပြုလုပ်နိုင်ဖို့ ပြည်ထောင်စုအဆင့် တင်ဒါခေါ်ယူနေပြီး ကုမ္ပဏီ ၃ ခု လျှောက်ထားကြောင်း ဆိုပါတယ်။

ကညင်ချောင်းစီးပွားရေးဇုန်ဟာ မောင်တောမြို့နဲ့ ၄ မိုင်ခန့်အကွာမှာရှိပြီး ဒီရေအတက်အကျ အခက်အခဲမရှိဘဲ ၂၄ နာရီ ကုန်သွယ်မှုပြုလုပ်နိုင်တဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြင့်မားလာစေဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောင်းသူစျေးကွက် ဖော်ဆောင်နိုင်ဖို့ ကျပ် ၄ ဘီလီယံခန့် အကုန်ကျခံပြီး  ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ကုန်ကြီးတဦးက “ကျပ် ၄ ဘီလီယံသာ ကုန်သွားတယ်။ လမ်းတွေလည်း မကောင်းဘူး။ ကုန်သိုလှောင်ရုံတခုပဲ တွေ့ရတယ်။ ဇုန်တည်ဆောက်တုန်းကတော့ အအေးခန်းတွေပါမယ်လို့ ပြောထားတာ။ အခု ပွင့်လင်းရာသီမှာ လမ်းမလုပ်လိုက်ရင် မိုးရာသီမှာ ဘယ်လိုမှ ကုန်သွယ်လို့ အဆင်မပြေနိုင်ဘူး။ အဆင်ပြေတဲ့ စစ်တွေနဲ့ တောင်ကုတ်က‌နေ ကုန်သွယ်သွားကြမှာ။ မောင်တောနယ်စပ်ကုန်သွယ်မှု ကျဆင်းသွားမှာပါ” လို့ ဆိုပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာ အမေရိကန်ဒေါ်လာ တခုတည်းနဲ့ ကုန်သွယ်ခွင့်ပြုထားတဲ့ နယ်စပ်ကုန်သွယ်စခန်းဖြစ်ပြီး တနေ့ကို ဒေါ်လာတသန်းအထိ ကုန်သွယ်မှုပြုနိုင်တဲ့ ကုန်သွယ်ရေးစခန်းတခုဖြစ်​ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

6 months Ago
Up