စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကားကြီးကွင်းနဲ့ အဝေးပြေးကားကွင်းအနီးက ကညနရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဧပြီ ၂၆ ရက် မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကညနရုံးအနီးက ဒေသခံတွေဆီကနေ သိရပါတယ်။
မုံရွာ-မန္တလေးသွား ကားလမ်းဘေးက ကညနရုံးကို ဒီနေ့မနက် ၁၁ နာရီအချိန်က သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆားလင်းကြီးမြို့ တွေ့ရာသင်္ချိုင်းဓားမဆိုင်း တပ်ရင်းမှူး ဗိုလ်စွမ်းသူ့မောင်က ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်ကို ယန္တရားလည်ပတ်နိုင်ဖို့ ငွေကြေးရှာဖွေပေးနေတာကြောင့် အခုလို တိုက်ခိုက်ရတာပါ။ နောက်ပြီး သူတို့က စစ်ကောင်စီတပ်က (--)တွေရော အစောင့်ခေါ်ပြီး လုပ်နေတာလည်း တွေ့ရတယ်။ ကျနော်တို့ ဒီရုံးကို တိုက်ခိုက်ဖို့ရာ သင်္ကြန်အချိန်ကတည်းက စောင့်ကြည့် မှတ်တမ်းယူတာတွေ လုပ်ပြီးမှ ဒီနေ့ တိုက်ခိုက်ခဲ့ရတာ။ အကျအဆုံးကတော့ ရုံးတံခါးစောင့် နှစ်ယောက် သေတယ်ဆိုတဲ့ သတင်းကတော့ အတိအကျရထားတယ်။ ကျန်နှစ်ဦးကတော့ သေမလား၊ ရှင်မလား သေချာမသိရသေးဘူး။”
မုံရွာ ကညနရုံးဟာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ မအူရွာစစ်ဆေးရေးဂိတ်နဲ့ ဘိုးဘွားရိပ်သာအနီးက ရေဦးဆန်ဆိုင်ရှေ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုကြားမှာရှိတဲ့ ရုံးတခုလည်း ဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်တာကို ဆားလင်းကြီး တွေ့သင်္ချိုင်းဓားမဆိုင်းအဖွဲ့၊ 5/UG အဖွဲ့၊ စေတန်အဖွဲ့၊ Monywa Nightking အဖွဲ့၊ Spring Dove အဖွဲ့နဲ့ Monywa The Boys အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
မော်တော်ယာဥ်တွေရဲ့ ဖောင်းကြွနံပါတ်ပြားအသစ်ကို မတ်လကုန်မှာ နောက်ဆုံးထားလဲ ရမယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတာကြောင့် ဒီရက်ပိုင်း ကညနရုံးတွေမှာ နံပါတ်ပြားလဲသူတွေ များပြားနေတယ်လို့ ယာဥ်မောင်းတွေထံက သိရပါတယ်။
ရန်ကုန်မြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံးတွေမှာ ဖောင်းကြွနံပါတ်ပြား လဲသူတွေနဲ့ ပြည့်နေပြီး အဲဒီရုံးတွေအနီးတဝိုက်မှာ ကားလမ်းပိတ်ဆို့မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“နံပါတ်ပြားမလဲရင် ဖမ်းမယ်ဆိုတော့ အသည်းအသန် လဲနေကြတာ။ နံပါတ်ပြားအသစ်ရဖို့ကို နာရီနဲ့ချီစောင့်ရတယ်”လို့ တက္ကစီယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
အခု လဲလှယ်ရတဲ့ ဖောင်းကြွနံပါတ်ပြားအသစ်မှာ ယာဥ်မှတ်ပုံတင်ထားတဲ့ မြို့နယ်ကိုယ်စားပြု ဂဏန်းနဲ့ ယာဥ်အမျိုးအစားတို့ ထပ်တိုးထည့်ထားတာ ဖြစ်ပါတယ်။
ဌာနဆိုင်ရာယာဥ်တွေ၊ မြို့တွင်းခရီးသည်တင်ယာဥ်တွေ၊ ကုန်တင်ယာဥ်နဲ့ တက္ကစီယာဥ်တွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး နံပါတ်ပြားအသစ်လဲဖို့နဲ့ ပုဂ္ဂလိကယာဥ်တွေအနေနဲ့ ယာဥ်မှတ်ပုံတင်သက်တမ်းတိုးချိန် ဖြစ်စေ၊ သက်တမ်းမကုန်ခင်ဖြစ်စေ အမြန်ဆုံးလဲလှယ်ဖို့ ကညနက ကြေညာထားတာ ဖြစ်ပါတယ်။
နံပါတ်ပြားမလဲရင် အရေးယူမယ်လို့လည်း သတိပေးထားပြီး ဘယ်လို အရေးယူမယ် ဆိုတာတော့ ဖော်ပြထားတာမရှိပါဘူး။
ဒါပေမဲ့ ယာဥ်မောင်းတွေကတော့ အရေးယူခံရမှာစိုးတဲ့အတွက် အိမ်စီးကားတွေကလည်း သက်တမ်းမကုန်ခင်မှာတင် သွားရောက်လဲလှယ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။