ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှာ ဧပြီ ၂၇ ရက် ညနေ ၅ နာရီခွဲက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက အရာရှိတယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကညွတ်ကွင်းမြို့ လျှပ်စစ်မန်နေဂျာရုံးက အရာရှိ ဦးကျော်စံလင်းဟာ ရန်ကုန်-မန္တလေးလမ်းဟောင်း တောင်ဂုံးတဲကျေးရွာ မိုင်တိုင်အမှတ် ၁၁၄/၁ ဖာလုံအနီးမှာ ဆိုင်ကယ်နဲ့နေအိမ်ကိုပြန်လာစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကညွတ်ကွင်းရဲစခန်းအနီးမှာ ပစ်သွားတာ။ သေနတ်ပစ်သံကြားတာတောင် ရဲတွေထွက်မလာဘူး။ ခြောက်နာရီကျမှ အလောင်းလာကောက်တာ ဒါတောင်စစ်တပ်ပါလို့” လို့ ပြောပါတယ်။
အရာရှိ ဦးကျော်စံလင်းဟာ ကျည်ထိမှန်ဒဏ်ရာငါးချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ လျှပ်စစ်ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရင်ဘတ်ကို သုံးချက်၊ မေးစေ့ကိုနှစ်ချက် ပစ်သွားတာ။ ဖြူးမြို့နယ်က EPC ရုံးက ပြန်လာတဲ့အချိန် ပစ်ခံရတာ” လို့ ပြောပါတယ်။
ဦးကျော်စံလင်းကို ဘယ်သူက ဘာကြောင့်ပစ်ခတ်တယ် ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက် ကညွတ်ကွင်းနယ်မြေရဲစခန်းက ရဲတွေဟာ စစ်ကောင်စီတပ်ကို ခေါ်ပြီး အခင်းဖြစ်ရာနေရာမှာ ကျည်ခွံတွေကို သိမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖြူးမြို့နယ်နဲ့ ကညွတ်ကွင်းမြို့နယ် မြို့အဝင်ဂိတ်နဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကားနဲ့ ဆိုင်ကယ်တွေ စစ်ဆေးနေပါတယ်။
ပဲခူးတိုင်းအရှေ့ ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းပေါ် ဖြူးမြို့နယ်၊ ကညွတ်ကွင်းတံတားကြီး အနီးမှာ ဧပြီ ၁၀ ရက် မနေ့မနက် ၅ နာရီကျော်ကစပြီး စစ်ကောင်စီတပ်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ခရီးသွားကားဆရာတစ်ဦးက "ပထမလက်နက်ငယ်အသံတွေ ၅ နာရီကျော်ကတည်းက စကြားရပြီး မိုင်းခွဲသံတွေလည်း ဆက်ကြားရပါတယ်။ တိုက်ပွဲက ၂ နာရီကျော်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကားတွေလည်း နောက်ပြန်လှည့်ခဲ့ပါတယ်'' လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရခဲ့ပြီး PDF ဘက်မှ တစ်ဦး ကျကာ ၂ ဦးဒဏ်ရာ (မစိုးရိမ်) ရခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
မတ်လကစပြီး စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ဝင်တွေ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ယနေ့အထိ ၁၂ ဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
PDF တပ်ဖွဲ့ဝင်တွေဘက်ကလည်း တဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို သေဆုံးဒဏ်ရာရသူတွေ အရေအတွက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။