ကနေဒါနိုင်ငံ ဗြိတိသျှ-ကိုလံဘီယာပြည်နယ်က ဘဏ်တခုမှာ ဇွန် ၂၈ ရက်က သေနတ်နဲ့ ပစ်ခတ်မှုအတွင်း လူ ၂ ယောက် သေဆုံးပြီး ရဲအရာရှိ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကနေဒါရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖောက်ခွဲရေးပစ္စည်းဖြစ်နိုင်တဲ့ ကိရိယာတခုကို ရှာဖွေတွေ့ရှိပြီးနောက် အနီးနားရှိ နေအိမ်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက်မှာ ဗန်ကူးဗားကျွန်းပေါ်ရှိ ဆာ့နစ်ချ် မြူနီစီပယ်ခရိုင်က မွန်ထရီယယ်ဘဏ်က အခင်းဖြစ်တဲ့ဆီကို ဂရိတ်ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့ပါတယ်။
ဆာ့နစ်ချ်က မွန်ထရီယယ်ဘဏ် ဖြစ်စဉ်အတွင်း သံသယရှိသူ ၂ ယောက် သေဆုံးသွားပြီး ဂျီဗာ့ထ်လို့သိကြတဲ့ ဂရိတ်ဗစ်တိုးရီးယား အရေးပေါ်တုံ့ပြန်ရေးအဖွဲ့က အဖွဲ့ဝင်အများအပြားကို ဆေးရုံပို့ထားတယ်လို့ ဆာ့နစ်ချ်ရဲချုပ် ဒီးန်ဒူသီးက မီဒီယာကို ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဟာ နေရာမှာပဲ ဘေးကင်းလုံခြုံစွာ နေရမယ့်အမိန့်ကို ရုပ်သိမ်းလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘဏ်အနီးက ဘလောက်ကိုတော့ ဗုံးရှိနိုင်ခြေကြောင့် ဆက်ပိတ်ထားခဲ့ပါတယ်။
သံသယရှိသူတွေဟာ အန္တရာယ်ရှိလက်နက်တွေ ကိုင်ဆောင်တပ်ဆင်ထားပြီး ကနဦးသတင်းတွေအရ သူတို့ဟာ ကျည်ကာအင်္ကျီတွေလည်း ဝတ်ထားသေးတယ်လို့ ရဲချုပ် ဒီးန်ဒူသီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သေနတ်ဒဏ်ရာတွေနဲ့ ရဲတပ်ဖွဲ့ဝင် ၆ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ပြီး တချို့က မကြာခင် ပြန်ဆင်းလာတော့မှာဖြစ်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သူတွေကိုတော့ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုးက အကြမ်းဖက်မှုကြောင့် တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်မိကြောင်း တွစ်တာမှာ ပြောကြားပါတယ်။