close

ကန့်ကွက်ဆန္ဒပြ

close

April 23, 2023

အစ္စရေးတရားစီရင်ရေးစနစ် ပြောင်းလဲမှုကို လူသောင်းချီ ၁၆ ပတ်ဆက်တိုက် ကန့်ကွက်ဆန္ဒပြ

အစ္စရေးနိုင်ငံမှာ တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ့် အစိုးရရဲ့အစီအစဉ်အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဧပြီ ၂၂ ရက်က သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ရက်သတ္တပတ် ၁၆ ပတ် ဆက်တိုက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီလို ဆန္ဒပြမှုတွေကို ပြီးခဲ့တဲ့လက ခေတ္တရပ်နားခဲ့ပြီးနောက် ဒါဟာ နောက်ဆုံး ဆန္ဒ ထုတ်ဖော်မှုဆိုင်ရာ ဖြစ်ရပ်တခုပါ။ 

အစ္စရေးနိုင်ငံရဲ့ အထိမ်းအမှတ်နေ့တွေဖြစ်ကြတဲ့ အာဇာနည်နေ့ အပါအဝင် လာမယ့်အပတ်မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့တို့ကို အောက်မေ့သတိရတဲ့အနေနဲ့ ပြည်သူများစွာက အခုလိုစုဝေးခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်ပွဲတွေအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ သေဆုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေက ချစ်ခင်ရသူတွေရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ကာ ဖယောင်တိုင်မီးတွေနဲ့အတူ တန်းစီးရင်း တဲလ်အဗစ်မြို့က ဆန္ဒပြနေရာကို ချီတက်ခဲ့ကြပါတယ်။ 

တရားရေးဆိုင်ရာ ပြု ပြင်ပြောင်းလဲမှု အဆိုပြုချက်တွေက တရားရုံးချုပ်ရဲ့ တရားသူကြီးတွေကို ခန့်အပ်ရာမှာ အစိုးရက ထိထိရောက်ရောက် ထိန်းချုပ်သွားနိုင်မှာ ဖြစ်သလို တရားရုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေ အပေါ်မှာလည်း ပါလီမန် အနေနဲ့ နိုင်ငံရေးအာဏာသုံး ပယ်ချနိုင်မှာပါ။

ဒါကြောင့် အစ္စရေးနိုင်ငံရဲ့ မကြာသေးတဲ့ သမိုင်းကာလအတွင်း အကြီးမားဆုံး ပြည်တွင်းရေး ဆိုင်ရာ အကျပ်အတည်းတွေထဲက တခုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

 အစ္စရေးအစိုးရကလည်း တက်ကြွလှုပ်ရှားတဲ့ တရားသူကြီးသူတွေဟာ လွှတ်တော်ရဲ့အခန်းကဏ္ဍ မှာ ပိုမိုနေရာယူလာတယ်လို့ စွပ်စွဲခဲ့ပြီး တရားရေးမဏ္ဍိုင်နဲ့ ရွေးကောက်ခံ နိုင်ငံရေးသမားတွေ ကြားမှာ လျော်ကန်မျှတတဲ့ ဟန်ချက်တခုကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

အစ္စရေးအစိုးရအနေနဲ့ ဒီမိုကရက်တစ်နိုင်ငံတခုမှာ အခြေခံအရ အလွန်အရေးကြီးတဲ့ အပြန်အလှန် ထိန်းကြောင်းမှု တချို့ကို ဖယ်ရှားချင်နေတာဖြစ်ပြီး အစိုးရအပေါ် စစ်ဆေးမှုမရှိတဲ့ နိုင်ငံရေးအာဏာကိုပါ ရယူချင်နေတာလို့ ဝေဖန်သုံးသပ်သူတွေက မှတ်ချက်ပေးပါတယ်။

4 hours Ago

April 17, 2023

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု တောင်ကိုရီးယားတွင် ကန့်ကွက်ဆန္ဒပြ

ပဇီကြီးကျေးရွာကို စစ်ကောင်စီလေတပ်က အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ဧပြီ ၁၆ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ စစ်သံရုံးနဲ့ အရပ်ဘက်သံရုံးတို့ ရှေ့မှာပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲသို့ ကိုရီးယားအခြေစိုက် တော်လှန်ရေး အဖွဲ့အစည်းတွေ၊  မြန်မာနိုင်ငံသားတွေနဲ့ ကိုရီးယားအဖွဲ့အစည်းတွေကအဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း ၃ဝဝ လောက် ပါဝင် ဆန္ဒပြကြပြီး သတင်းစာရှင်းလင်းပွဲကိုလည်း ကိုရီးယား မြန်မာ နှစ်ဘာသာနဲ့ ပြုလုပ်ခဲ့ပါတယ်။ 

အပြစ်မဲ့ ကလေးသူငယ်၊ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်ဟာ ထိတ်လန့်ခြောက်ခြားဖွယ် ဆိုးရွားလွန်းလှကြောင်း၊ အကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေလို့ နိုင်ငံတကာက ထိရောက်စွာ အရေးယူဖို့နဲ့ အရေးယူရာမှာ ကိုရီးယားအစိုးရလည်း ပါဝင်ရေး ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာ၊ အစုလိုက် သတ်ဖြတ်တာတွေအတွက် အကြမ်းဖက်စစ်တပ်ကို အရေးယူရေး NUG ရဲ့ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားသည်။

ဒီဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က စီစဉ်ခဲ့တာဖြစ်ပြီး ကိုရီးယားနိုင်ငံ ချောင်ဂျူးမြို့မှာလည်း  တော်လှန်သင်္ကြန်နဲ့ ဆန္ဒပြပွဲတွေပြုလုပ်သွားပါတယ်။

6 days Ago

တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲမှုအပေါ် အစ္စရေးပြည်သူများ ကန့်ကွက်ဆန္ဒပြ

အစ္စရေးအစိုးရရဲ့ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ကန့်ကွက်ဖို့ ထောင်သောင်းချီတဲ့ အစ္စရေးပြည်သူတွေဟာ  ဧပြီ ၁၅ ရက်က တဲလ်အဗစ်မြို့ လမ်းမတွေပေါ်ကို ထွက်လာပြီး ထပ်မံဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ သီတင်းပတ် ၁၅ ပတ်ဆက်တိုက်  ဖြစ်နေချိန် အစ္စရေးအစိုးရဟာ အပြုသဘောကနေ တည်ငြိမ်လာစေဖို့ ရည်ရွယ်ပြီး အစ္စရေးအပေါ် အမြင်ကို ပြန်လည်သုံးသပ်ဖို့ ခရက်ဒစ်အဆင့်သတ်မှတ်ရေး အေဂျင်စီ Moody's ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ ပါတယ်။

အစ္စရေးဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေက တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်နိုင်ပြီး စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။ 

စီးပွားရေးထိပ်တန်းအလွှာကနေ စစ်အရာရှိဟောင်းတွေအထိ အမျိုးမျိုးသော ဝေဖန်ရေးသမားတွေက ပြုပြင်ပြောင်းလဲမှုဟာ ဒီမိုကရေစီကို ထိခိုက်စေပြီး ယနေ့ခေတ် အစိုးရဆီ အထိန်းအကွပ်မဲ့ အာဏာတွေကို လွှဲပြောင်းပေးလိမ့်မယ်လို့လည်း ဝေဖန်ပြောဆိုနေ ကြပါတယ်။

အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးခံနေရတဲ့ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက နိုင်ငံရေးဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်စွက်ဖက်တဲ့ တရားသူကြီးတွေကို ထိန်းထားနိုင်ဖို့ အပြောင်းအလဲတွေ လိုအပ်တယ်လို့ ပြောပါတယ်။

7 days Ago
Up