စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းစာသင်ကျောင်းမှာ ကလေးငယ်တွေကို စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့အပေါ် ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲတခုကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သွားပါတယ်။
AMDM (Australia) ANTI-MYANMAR DICTATORSHIP MOVEMENT ကနေစီစဉ်တဲ့ ဒီလှုပ်ရှားမှုကို မြန်မာပြည်ဖွားတိုင်းရင်းသား ၈၀ ကျော်လောက် ပူးပေါင်းပါဝင်ခဲ့သလို ဗစ်တိုးရီးယားလွှတ်တော်အမတ်တချို့ကလည်း မြန်မာ့အရေး လာရောက်အားပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၆ရက်နေ့က လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က မြေပြင်ကရော လေကြောင်းနဲ့ပါ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို ဘကကျောင်းမှာ စာသင်နေတဲ့ ကလေးတွေ သေဆုံးခဲ့ရတာပါ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သြစတြေးလျအပါအဝင် နိုင်ငံတကာက မျက်ကွယ်မပြုပဲ အကြမ်းဖက် စစ်ကောင်စီကို ဒီထက်ပိုထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့နဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့ ဒီလှုပ်ရှားမှုကနေ တောင်းဆိုလိုက်ကြပါတယ်။
လျစ်လျူရှုနေတဲ့ ကမ္ဘာကြီး ပိုရက်စက်တာထက် ကိုယ့်တာဝန်ကိုယ်ကျေရအောင်လို့ အခုဒီလှုပ်ရှားမှုကို သြစတြေးလျရောက် မြန်မာတွေက အမြန်စီစဉ်ပြုလုပ်ရတာလို့ သိရပါတယ်။
ဒီကနေ့ သြစတြေးလျဖလား ဘောလုံးပွဲ ဗိုလ်လုပွဲလည်းရှိနေသလို ကျောင်းပိတ်ရက်တွေနဲ့တိုက်ဆိုင်နေပေမယ့် မဲလ်ဘုန်းရဲ့လူစည်ကားရာ မြို့လယ်ခေါင်မှာ ဆန္ဒပြခဲ့ကြတာပါ။
၇၂ နှစ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို ရှုတ်ချကန့်ကွက်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦရှေ့မှာ ဩဂုတ် ၁၁ ရက် ညနေပိုင်းက ကျင်းပပါတယ်။
ဒီလှုပ်ရှားမှုမှာ ပြည်ပရောက် ကရင်အမျိုးသားများ (OKO) ဂျပန်အဖွဲ့က ဦးဆောင်ခဲ့ပြီး ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာ့အရေး အားပေးကူညီနေတဲ့ ဂျပန်လူမျိုးတွေ စုစုပေါင်း ၁၅၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအသီးသီးရဲ့ သမိုင်းတွေ ရှိကြတာမို့ တိုင်းရင်းသားအချင်းချင်း သမိုင်းတွေသိရအောင်နဲ့ ကရင်တမျိုးသားလုံးအတွက် အသက်ပေး ကြိုးစားခဲ့တဲ့ ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရင်း တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသူတွေကို ဦးညွှတ်ဂုဏ်ပြုချင်တာကြောင့် အခုလို ကျင်းပရတာလို့ ဦးဆောင်ကျင်းပရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ စောဖလုံက ပြောပါတယ်။
အခမ်းအနားမှာ အကြမ်းဖက်စစ်ကောင်စီကို ရှုတ်ချ ဆန့်ကျင်ကြောင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ရေးတို့ကို ဂျပန်-မြန်မာ နှစ်ဘာသာနဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးမှာ မိခင်အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်မှာဖြစ်ပြီး တိုင်းရင်းသားအားလုံး ညီညွတ်စွာ အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်မှ တနိုင်ငံလုံး အားလုံးမျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံးရောက်နိုင်မယ်လို့လည်း စောဖလုံက တိုက်တွန်း ပြောပါတယ်။
သတင်း -ဓာတ်ပုံ ဇော်ဇော်လှိုင်