ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ‘ဝ’အမျိုးသားပါတီ(WNP) က စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံမှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားလိုက်တဲ့အပေါ် စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ ‘ဝ’ပြည်သူတွေအနေနဲ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြပါတယ်။
‘ဝ’အမျိုးသားပါတီဟာ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ဆန့်ကျင်လာခဲ့တဲ့ ပါတီဖြစ်ပြီး ‘ဝ’ပြည်သူအားလုံးကို ကိုယ်စားပြုတာကြောင့် အခုလို နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားတာနဲ့ ပတ်သက်လို့ ‘ဝ’ပြည်သူတွေရဲ့ သဘောထားကောက်ယူသင့်ကြောင်း ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။
‘ဝ”အမျိုးသားရေးတက်ကြွလှုပ်ရှုားသူ တဦးက "ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုတာ ကလေးရော သိတယ်။ သူတို့ကိုယ်တိုင်လည်း သိတယ်။ ဘာဖြစ်လို့ နိုင်မြင်းဘက်က မလောင်းရဲသလဲဆိုတာ စဉ်းစားလို့မရဘူး။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ။ ငါတို့ဘက်က ‘ဝ’တွေ စစ်အာဏာရှင်ကို မကြိုက်တာ သူတို့လည်း သိနေတာပဲ။ သူတို့ရွေးကောက်ပွဲ ဝင်ရင်ရော ဘယ် ‘ဝ’က သူတို့ကို မဲထည့်မလဲ။ ရေလိုက်ငါးလိုက် လုပ်ရမဲ့ကိစ္စ မဟုတ်ဘူးလေ။ နိုင်ငံရေး အခင်းအကျင်းက နှစ်ဖက်စလုံးက အစွန်းရောက်နေပြီ။ အခုက သူတို့သဘောနဲ့ သူတို့လုပ်တာ။ ‘ဝ’ပြည်သူတွေရဲ့ ဆန္ဒကို စစ်တမ်းကောက်သလား မေးချင်တယ်"လို့ ပြောပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီ ဖွဲ့ထားတဲ့ UEC တို့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ‘ဝ’အမျိုးသားပါတီအနေနဲ့ အသိပေးကြေညာထားတာမျိုး ရှိခဲ့ပါတယ်။
‘ဝ’ အမျိုးသားပါတီဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၄ ရက် နေ့စွဲပါ "နိုင်ငံတော်အတွင်း လတ်တလော အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ (၂၈)ပါတီရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်"မှာ နုတ်ထွက်သွားပြီဖြစ်တဲ့ ‘ဝ’အမျိုးသားပါတီ ပါတီက္ကဋ္ဌဟောင်း ဦးဆိုင်ပေါင်းနပ်ပါဝင်လက်မှတ်ရေးထိုးထားတာနဲ့ ပတ်သက်ပြီး ပါတီရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ပါတီဝင်တွေရဲ့ ရပ်တည်ချက်နဲ့ သွေဖည်တယ်ဆိုပြီး ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတေ့ာ လက်ရှိ ပါတီရဲ့ ဥက္ကဋ္ဌ ဦးရန်ကျော် စစ်ကောင်စီဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်လာတဲ့အပေါ် သဘောထား ထုတ်ပြန်ထားတာမျိုး မတွေ့ရဘဲ စစ်ကောင်စီကိုဆန့်ကျင်ကြတဲ့ ‘ဝ’ပြည်သူတွေအနေနဲ့သာ ပါတီဘက်က သဘောထားထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တာပါ။
‘ဝ’အမျိုးသားပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃ နေရာမှာ အနိုင်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပါက ဆန္ဒမဲလုံးဝပေးမှာမဟုတ်ကြောင်း ‘ဝ’ပြည်သူတွေအနေနဲ့ အသိပေး ပြောဆိုထားတာရှိပြီး ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် စဉ်းစားထားတာမျိုး မရှိသေးဘူးလို့ ပါတီတာဝန်ရှိသူက ပြောဆိုထားပါတယ်။
‘ဝ’အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ အထွေအထွေအတွင်းရေးမှူး ဦးဆိုင်နပ်က "အမှုဆောင်ကော်မတီက ဆွေးနွေးပြီး အမျိုးသားအတွက်၊ နိုင်ငံရေးအတွက်ရှိနေတဲ့ စင်္ကြံ၊ ပြောရေးဆိုခွင့်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့သဘော။ မှတ်ပုံတင်တာပဲရှိတယ်။ ရွေးကောက်ပွဲအတွက်စဉ်းစားတာမျိုး မရှိသေးဘူး။ EC Memberတွေအနေနဲ့ တလလုံး စဉ်းစားပြီးမှ ဖြစ်လာတာပါ။ ပြည်သူလူထုတွေအနေနဲ့ သူတို့ခံယူချက်နဲ့ ဝေဖန်တာကို အပြစ်မမြင်ပါဘူး။ လက်တွေ့လုပ်နေတဲ့သူတွေမှာ နက်နက်နဲနဲ တွေးရတာမျိုး ရှိတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီကော်မရှင်ထံမှာ မှတ်ပုံတင်ပြန်လျှောက်ထားတဲ့ နိုင်ငံပါတီပေါင်း ၅၂ ပါတီရှိနေပြီဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ကိုဆိုဗိုနဲ့ ဆားဘီးယားကြား ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် အနောက်နိုင်ငံတွေ ကျောထောက် နောက်ခံပြုထားတဲ့ သဘောတူညီချက်ကို မတ် ၁၇ ရက်က ဘဲလ်ဂရိဒ်မြို့တော်မှာ လူထောင်ပေါင်းများစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ဟာ ကိုဆိုဗိုရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုခြင်းလို့ ရှုမြင်ကြတာကြောင့် ဆန္ဒပြခဲ့ကြတာပါ။
၂၀၀၈ ခုနှစ်မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ကျောထောက်နောက်ခံနဲ့ လွတ်လပ်ရေး ကြေညာခဲ့ပေမယ့်လည်း ဆားဘီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုဆိုဗိုဟာ သူ့နယ်မြေ ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
ဆားဘီးယားနိုင်ငံကလည်း သူ့ရဲ့ တောင်ပိုင်းပြည်နယ်ကို သူ့ပိုင်နက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခုအဖြစ် ယူဆနေဆဲဖြစ်ပါတယ်။
အီးယူကို ဝင်ရောက်မယ့် သူ့ရဲ့မဟာဗျူဟာ ရည်မှန်းချက် အောင်မြင်ဖို့က ကိုဆိုဗိုအတွက် ၂ နိုင်ငံ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာပါ။
ဆားဘီးယားသမ္မတ Aleksandar Vucic ဟာ ကိုဆိုဗိုဝန်ကြီးချုပ် Albin Kurti နဲ့ EU အရာရှိတွေကို မြောက်မက်ဆီဒိုးနီးယားနိုင်ငံ အိုးရစ်ဒ်မြို့မှာ တွေ့ဆုံပြီးတော့ အရင်လက နှစ်ဖက် သဘောတူထားတဲ့ ဆက်ဆံရေးပုံမှန်ဖြစ်ရေးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးမယ့် အစီအစဉ် ရှိခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့မှ သံတမန်တွေဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ တင်ပြခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အတည်ပြုဖို့ တခြားနိုင်ငံတွေကို ဖိအားပေးနေတာပါ။
အဲဒီအစီအစဉ်အောက်မှာ ဘဲလ်ဂရိဒ်အစိုးရဟာ ကိုဆိုဗိုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ နေရာမရအောင် လိုက်လံ စည်းရုံးနေတာမျိုးကို ရပ်တန့်သွားစေမှာ ဖြစ်ပါတယ်။