close

ကန့်ဘလူနှင့်ကလေး

close

February 6, 2022

စစ်ကိုင်းတိုင်း ကန့်ဘလူနှင့်ကလေးမြို့တို့တွင် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နဲ့ ကလေးမြို့တွေမှာ ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်သေဆုံးတာတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၄ ရက်ကဖြစ်ပွားတဲ့ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတိုက်ပွဲမှာ  PDF ရဲဘော် ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး  ကလေးမြို့တောင်ပိုင်း ပြင်သာစာသင်ကျောင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပေါင်း ၁၂ ဦး၊ PDF ရဲဘော် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲတွေက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က စပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ ကိုးတောင်ဘို့ကျေးရွာအုပ်စုမှာ တပ်စွဲကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်မှာတော့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမဲ့ အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။ 

အလားတူ ဖေဖော်ဝါရီ ၄ ရက် ကလေးမြို့၊ ပြင်သာစာသင်ကျောင်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ကို ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၆ နဲ့  ၇ တို့က  ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ကလေး PDF အဖွဲ့က ၇ ဦးသေဆုံးခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ အနီးကပ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး တစ်ဦးကို အနီးကပ် ပစ်သတ်နိုင်ခဲ့ကြောင်း ကလေး ပကဖထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုကဲ့သို့ တိုက်ပွဲများ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ ဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီ ၅ ရက်ညပိုင်းမှာတော့  ကနီမြို့နယ် ကျေးလက်ဦးစီးရုံးထဲ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ကျောက်လုံးကြီး ပြည်သူကာကွယ်ရေးအဖွဲ့ (ကနီ) နဲ့ မဟာမိတ် အဖွဲ့တွေက  ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အမှတ် ၃ ရပ်ကွက်နေပြည်သူတစ်ဦးက “ပထမက ပေါက်ကွဲသံကြားလိုက်ရတာ။ ညအချိန်ကြီးဆို တော့ အပြင်ထွက်မကြည့်ရဲဘူး။ သေချာတာကတော့ ကျေးလက်ဦးစီးရုံးစီကနေ အသံကြားရတာ။ ညနေပိုင်းလေးကတော့ စစ်ကောင်စီတွေ အဲရုံးထဲမှာ တွေ့တယ်။ ကင်းစောင့်တဲ သဘောဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အဲဒီရုံးကို ဒရုန်းနဲ့တိုက်ခိုက်တာ ဒီအကြိမ်နဲ့ဆိုရင် နှစ်ကြိမ်မြောက်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ကန့်ဘလူနဲ့ကလေးမြို့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သေဆုံးရတာ နဲ့ ပတ်သက်လို့ ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက "ကျနော်တို့ဘက်က ကျဆုံးမှုများသွားတယ်။ အဓိကကတော့ လက်နက်အင်အား မမျှတာပဲဗျာ" လို့ ပြောပါတယ်။ 

59 seconds Ago
Up