စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာနဲ့ သရက္ကံရွာ အနီးမှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် နှစ်တိုင်ကို စက်တင်ဘာလ ၁၈ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ကန့်ဘလူ PDF က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြို့နယ်အတွင်း ကျန်ရှိနေသေးတဲ့ မိုင်တဲတာဝါတိုင်တွေကို စိစစ်ရွေးချယ် စုံစမ်းနေပြီး မိုင်တဲတာဝါတိုင်လို့ အတည်ပြုနိုင်မယ့် တာဝါတိုင်အားလုံးကို တစ်ခုမကျန် ကန့်ဘလူ PDF နဲ့ ကန့်ဘလူမြို့နယ်အတွင်း တသီးတခြားရပ်တည်ကာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူငယ်မျိုးဆက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖျက်ဆီးသွားမယ်လို့ သတိပေးထား ပါတယ်။
ကန့်ဘလူမြို့နယ်မှာ NUG က တော်လှန်ခုခံစစ်စတင်ဆင်နွှဲလိုက်တဲ့ စက်တင်ဘာ ၇ ရက်နေ့ကလည်း သရက်တာ မိုင်တဲလ်တာဝါတိုင်ကိုလည်း ကန့်ဘလူ PDF က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနာလမ်းတနေရာမှာ စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီလောက်က ကန့်ဘလူက ထွက်လာတဲ့ စစ်ယာဉ်တန်း သုံးစီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ တယ်လို့ ကန့်ဘလူ PDF က ထုတ်ပြန်ကြေညာပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကား သုံးစီးလုံး အထိနာခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေတော့ အတိအကျမသိရသေးပါဘူးလို့ ဆိုပါတယ်။
ကန့်ဘလူ PDF အနေနဲ့ ပြည်သူ့သွေးကြွေးအတွက် နေ့စဉ် လှုပ်ရှားနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ အကျိုးစီးပွားကို အထောက်အကူပြုနေတဲ့ မိုင်တဲလ်တာဝါတိုင်တွေကိုလည်း ဆက်လက်တိုက်ခိုက် ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၅ ရက် ညပိုင်းကလည်း စပါးနံ့သာရွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။