ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တဖန်ပြန်မြင့်တက်လာခဲ့ပြီး လူစုလူဝေးပွဲတွေနဲ့ပတ်သက်လို့ ကန့်သတ်ချက် အသစ်တွေကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။
၆ ယောက် စည်းမျဉ်းလို့ ခေါ်တဲ့ လူ ၆ ယောက်ထက်ပိုပြီး စုဝေးတာကို တားမြစ်တဲ့ ကန့်သတ်ချက်အသစ်ကို ဝန်ကြီးချုပ်က ကြေညာခဲ့တာပါ။
ဒီအစီအစဉ်ဟာ တနိုင်ငံလုံးကို လော့ဒေါင်းချတာမဟုတ်ဘဲ ဒုတိယအကြိမ် လော့ဒေါင်းချတာကို ရှောင်လွှဲဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
စည်းမျဉ်းတွေကို ရဲတပ်ဖွဲ့နဲ့ တခြားအေဂျင်စီတွေက ကြပ်မတ်သွားမယ်လို့လည်း ဝန်ကြီးချုပ်က အလေးထားပြောဆိုပါတယ်။
ဒါ့အပြင် "moonshot" plan ဆိုတဲ့ လူအများအပြားကို ကိုဗစ်-၁၉ ရှိမရှိ အမြန် စစ်ဆေးတဲ့ အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။
လူအများအပြားအား စစ်ဆေးတဲ့နည်းဟာ ဗိုင်းရပ်စ်မရှိဘူးလို့ အတည်ပြုထားသူတွေကို ကင်းလွတ်ခွင့် ပြုမယ်လို့လည်း သိရပါတယ်။
မကြာသေးခင် ရက်တွေအတွင်း ဗြိတိန်မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တရှိန်ထိုး စတင်မြင့်တက်လာပြီး ဝန်ကြီးချုပ် ဂျွန်ဆင်အနေနဲ့ ဒေါင်းနင်းလမ်းရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရသလို တခြားဝန်ကြီးတွေနဲ့လည်း ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နေ့စဉ် အစီရင်ခံတာတွေ လုပ်ခဲ့ပါတယ်။
စည်းကမ်းချက်အသစ်တွေထဲမှာ လုပ်ငန်းခွင်နဲ့ ကျောင်းတို့ မပါဝင်ဘဲ သာရေး၊ နာရေးနဲ့ အားကစားပွဲတွေကိုလည်း ခြွင်းချက်ပေးသွားမှာ ဖြစ်ပါတယ်။
စကော့တလန်၊ ဝေလနဲ့မြောက်အိုင်ယာလန်တို့မှာတော့ ကိုယ်ပိုင်လော့ဒေါင်း မူဝါဒတွေ ချမှတ်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
10 months Ago