ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ ဧပြီ ၃၀ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦး ထပ်မံဖမ်းဆီးခံရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ဒေသခံတွေက သတင်းပေးတဲ့အတွက် စစ်တပ်၊ ရဲ၊ ကျေးရွာလုံခြုံရေးအရံတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဘက်က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တလျှောက်မှာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဧပြီ ၃၀ ရက်မှာတော့ သတင်းရထားတဲ့နယ်မြေထဲ တောအုပ်ထဲမှာ နယ်စပ်က ဝင်ရောက်လာတဲ့ တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၅၃ ဦးတို့ကို လမ်းပြပွဲစားနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ဖမ်းမိ တဲ့နေရာနဲ့ အချိန်အတိကျကိုတော့ သတင်းထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။
စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသက လာပြီး စမွတ်စခွန်း၊ လယောင်း၊ ကန်ကျနပူရီ နဲ့ ဘန်ကောက်တွေမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး ပွဲစားကို ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း တရားမဝင် ဝင်လာတဲ့ မြန်မာ ၄၂ ဦး လမ်းပြ ၁ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်ထဲမှာ မတ်လ ၁၆ ရက် မနက်စောစောက တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ကား တစီးလမ်းခုလပ်မှာ ဘီးပေါက်သွားလို့ ရပ်နားစဉ် တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ကားပေါ်က မြန်မာ ၃၃ ဦးလုံးအဖမ်းခံလိုက်ရတယ်လို့ Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့မနက် ၃ နာရီခွဲလောက်က ကန်ကျနပူရီမြို့နယ် ကန်ကျနပူရီ - ဆိုင်းယုဒ်သွား ကားလမ်းမကြီးတနေရာ ကိန်ဆင့်အုပ်စုထဲမှာ ကားဘီးပေါက်နေတဲ့ အဖြူရောင်မစ်ဆူဘီရှီကား တစီးကို ရွာသားတွေကတွေ့ရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးက ကျေးရွာလုံခြုံရေးအဖွဲ့နဲ့အတူ လာရောက်စစ်ဆေးရာမှာတော့ ကားမောင်းသူကို မတွေ့ရကြောင်း၊ ကားနောက်ခန်းမှာ အလုံပိတ်ခန်းလိုပြင်ဆင်မွမ်းမံထားပြီး တာဝန်ရှိသူတွေက တံခါးဖွင့်စစ်ဆေးရာမှာ အထဲမှာလူတွေပိတ်ညှပ်တင်ဆောင်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံသား အမျိုးသားရော အမျိုးသမီးပါ စုစုပေါင်း ၃၃ ဦးရှိပြီး ထိုင်းနိုင်ငံထဲကို တောလမ်းကနေခြေကျင်လျှောက်ပြီး ဝင်ရောက်လာကြောင်း၊ တောစပ်တနေရာမှာ ထိုင်းလူမျိုးတယောက်ကကားနဲ့လာကြိုပြီး လိုက်ခဲ့ရာမှာ တစ်နေရာမှာ စစ်ဆေးရေးဂိတ်တွေ့တာနဲ့ ကားကိုနောက်ပြန်လှည့်ပြီး ၂ ကီလိုမီတာလောက် မောင်းနှင်လာစဉ် ကားရဲ့ ဘယ်ဘက်နောက်ဘီးပေါက်သွားလို့ ရပ်နား ထားစဉ် အခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ကားမောင်းသမားကတော့ အမှောင်ထဲမှာ ထွက်ပြေးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေကိုတော့ တာဝန်ရှိသူတွေက လဝကဥပဒေနဲ့ အရေးယူဖို့ ကန်ကျနပူရီမြို့မရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source - https://siamrath.co.th/n/431061