close

ကန်ကြီးထောင့်

close

October 8, 2022

ကန်ကြီးထောင့်တွင် သံဃာ ၃ ပါးနှင့် ပြည်သူ ၅ ဦးကို စစ်တပ်ဖမ်းဆီး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာဘုန်းကြီးကျောင်းက သံဃာ ၃ ပါးနဲ့ ရွာသား ၅ ယောက်ကို အောက်တိုဘာ ၆ ရက်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ရှမ်းရွာဒေသခံတယောက်က ပြောပါတယ်။

“မနေ့က ၃ နာရီဝန်းကျင်လောက်ရှိမယ်၊ ရွာထဲကို စစ်သားတွေ ရဲတွေ ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်းက သံဃာ ၃ ပါးရယ်၊ ရွာထဲက ပြည်သူ ၅ ဦးရယ် ဖမ်းသွားတယ်။ ဘာအတွက်မှန်းမသိဘူး။”

ကန်ကြီးထောင့်မြို့နေ ပြည်သူတယောက်ကလည်း “စစ်သား၊ ရဲအင်အား ၂၀ က ဝင်ရောက်ပြီး သံဃာ ၃ ပါးနဲ့ ပြည်သူ ၅ ဦးကို ဝင်ရောက်ဖမ်းဆီးတယ်။ ဘာကြောင့် လာဖမ်းဆီးတာလည်း မသိရဘူး။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိဘူး၊ မတရားဖမ်းတာပါပဲ” လို့ ပြောပါတယ်။

ကန်ကြီးထောင့်မြို့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းထွဋ်အိမ်ကိုလည်း စစ်တပ်နဲ့အဖွဲ့က ဝင်ရောက်စစ်ဆေးသွားပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံတွေက ဖေ့စ်ဘွတ်ခ်အကောင့်တွေကို စောင့်ကြည့်ပြီး စစ်အာဏာရှင်ဆန့်ကျင်တာနဲ့ပတ်သက်တဲ့ပို့စ်တွေမှာ  like, comment ပေးသူတွေကို ဖမ်းဆီးပြီး ငွေတောင်းပြန်လွှတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

2 hours Ago

August 30, 2022

ကန်ကြီးထောင့်တွင် စစ်ကောင်စီခန့်ရာအိမ်မှူး မောင်းလာသည့် သုံးဘီးဆိုင်ကယ် ဗုံးခွဲခံရ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဩဂုတ် ၃၀ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီက ခန့်ထားတဲ့ ရာအိမ်မှူး ၁ ဦး အိုးဝေ(သုံးဘီး)ဆိုင်ကယ် မောင်းလာစဉ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကံကုန်းကျေးရွာရာအိမ်မှူး ကရင်လေး(ခ)အာချလားရဲ့ သုံးဘီးဆိုင်ကယ်ဟာ ကံကုန်းကနေ မြောင်းမြသွားတဲ့ ကားလမ်းမပေါ်က ညောင်ချောင်းကျေးရွာတံတားအနားမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက “အစ်ကိုတို့သိရသလောက် သူက စစ်ကောင်စီခန့်ထားတဲ့ ရာအိမ်မှူး ဖြစ်တယ်၊ ပြီးတော့ ပြည်သူ့စစ်အဖွဲ့ဝင် ပြည်သူကို ဖိနှိပ်ခြိမ်းခြောက်နေတဲ့သူတဦးပေါ့၊ အဲဒါကြောင့် ရှင်းလင်းတာလို့ သိရတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီခန့် ရာအိမ်မှူးရဲ့ သုံးဘီးဆိုင်ကယ်ကို ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ KRF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

သုံးဘီးဆိုင်ကယ် ဗုံးဖောက်ခွဲခံရတာကြောင့် စစ်ကောင်စီခန့် ရာအိမ်မှူး ကရင်လေး(ခ)အာချလားဟာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့လို့ ပုသိမ်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဆောင်ကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

1 month Ago
Up