close

ကန်ဒေါ်လာဘီလီယံ ၆၀၀

close

June 28, 2022

တရုတ်ခေတ်သစ်ပိုးလမ်းမစီမံကိန်းကိုတုံ့ပြန်ရန် G7 နိုင်ငံများ ကန်ဒေါ်လာဘီလီယံ ၆၀၀ သုံးမည်

ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို တုံ့ပြန်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ သုံးရေး ရည်မှန်းဆုံးဖြတ်ခဲ့ကြပါတယ်။  

ဂျာမနီနိုင်ငံတောင်ပိုင်း အယ်လ်မောင်ရဲတိုက်ထဲမှာ ကျင်းပတဲ့ အစည်းအဝေး နောက်ဆုံးအကျော့အတွင်း ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။ 

အခြေခံအဆောက်အဦနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှုတရပ်အတွက် G7 ဟာ ဒေါ်လာ ၆၀၀ ဘီလီယံကို ၂၀၂၇ ခုနှစ်မှာ စသုံးမယ်လို့ ကြေညာခဲ့တာပါ။  

“ဒီမိုကရေစီနိုင်ငံတွေ အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့အခါ ကျနော်တို့ရဲ့ ပြည်သူတွေနဲ့ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် ရလဒ်များပေးဆောင်ရာမှာ တခုတည်းသော အကောင်းဆုံးလမ်းကြောင်းကို ပေးဆောင်တယ်ဆိုတာ  ကမ္ဘာကို ပြချင်တယ်” လို့ ဥရောပသမဂ္ဂ EU ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ပြောပါတယ်။ 

ရုရှက ယူကရိန်းကို ကျူးကျော်ပြီး လေးလအကြာမှာ ဥရောတခွင် စည်းလုံးခဲ့တာဟာ သေးငယ်တဲ့ အစိတ်အပိုင်း မဟုတ်ဘဲ ဒါဟာ ဂျာမန်အဓိပတိ အော့လော့ဖ် ရွှိုက်ဇ်ကြောင့်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။ 

ရေငုပ်သင်္ဘောတွေ အရေး၊ ဝက်အူချောင်းတွေ တင်ပို့ရေးနဲ့ ပတ်သက်လို့ မနှစ်က ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ပြင်သစ် သမ္မတ အီမန်နျူယယ် မက်ခရွှန်တို့လည်း ထိပ်သီးညီလာခံမှာ ပြုံးရွှင်နေခဲ့ကြပါတယ်။

အပြန်အလှန် ဆွေးနွေးပွဲတွေဟာ ယူကရိန်းအရေးကို အာရုံစိုက်ထားလို့ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်လို့ ဖြစ်လာတဲ့ အငြင်းပွားစရာ ကိစ္စတွေကို မဆွေးနွေးခဲ့ကြပါဘူး။

1 min Ago
Up