close

ကန်ဒေါ်လာ သန်း ၃၀

close

March 13, 2022

ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်တပ်ဆင်ရန် ကန်ဒေါ်လာ သန်း ၃၀ ရထားဟု ဦးရည်မွန် ပြော

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို လက်နက် တပ်ဆင်ရေးအတွက် အခုအချိန်အထိ အမေရိကန် ဒေါ်လာ သန်း ၃၀ ရရှိထားတယ်လို့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ 

မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အွန်လိုင်းကနေ ပြုလုပ်တဲ့ ရန်ပုံငွေ ရှာဖွေပွဲမှာ ဦးရည်မွန်က ထုတ်ဖော်ပြောကြားသွားတာပါ။ 

ပြည်တွင်း ပြည်ပက ပြည်သူတွေ ထောက်ပံ့တဲ့ ကာကွယ်ရေး ရန်ပုံငွေတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအတွက် ခေတ်မီ လက်နက်တပ်ဆင်ရေး၊ လက်နက် ထုတ်လုပ်ရေးတို့အတွက် အဓိက အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တယောက်ချင်းစီကို လက်နက် အပြည့်အစုံ တပ်ဆင်ပေးဖို့ကတော့ အလှမ်းဝေးနေသေးတယ်လို့ ပြောပါတယ်။ 

လက်နက်တပ်ဆင်ရာမှာ ငွေကြေးရှိတိုင်း ဝယ်ယူနိုင်တာ မဟုတ်သလို၊ ထောက်ပို့ လမ်းကြောင်းတွေကလည်း အရေးကြီးတဲ့ အကြောင်း ပြောသွားပါတယ်။ 

သတင်းကောင်းအနေနဲ့ လောလောဆယ်မှာ ပီဒီအက်ဖ်တွေအတွက် အနည်းဆုံး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်လောက်တဲ့ ထိုက်သင့်တဲ့ စစ်လက်နက် ပစ္စည်း ပမာဏကို မဟာမိတ်တွေရဲ့ အဆက်အသွယ်နဲ့ ရရှိထားတယ်လို့လည်း ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။ 

အန်ယူဂျီ ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေဆီက အားမလို အားမရ ဖြစ်နေတာကို နာလည်သလို အခက်အခဲတွေ ရှိနေပေမယ့် ပိုပြီး ကောင်းမွန်တဲ့ စုဖွဲ့ အမိန့်ပေးစနစ်၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း ပိုကောင်းလာတယ်လို့လည်း ပြောပါတယ်။ 

အခုအချိန်အထိ အန်ယူဂျီဟာ ဘယ်ပြင်ပနိုင်ငံဆီကမှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာ ထိရောက်တဲ့ အထောက်အပံ့ မရသေးဘဲ ပြည်တွင်းပြည်ပ ပြည်သူတွေ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတဲ့အကြောင်းလည်း ဝန်ကြီး ဦးရည်မွန်က အသိပေးပြောကြားသွားပါတယ်။

12 hours Ago
Up