close

ကန်ဒေါ်လာ ၅၇ သန်း

close

March 11, 2023

ဆီဒိုးနားဟိုတယ်ကို ကန်ဒေါ်လာ ၅၇ သန်းကျော်ဖြင့် ပြန်လည်ရောင်းချမည်ဟုဆို

ရန်ကုန်မြို့က ထင်ရှားတဲ့ ဟိုတယ်တခုဖြစ်တဲ့ ဆီဒိုးနားဟိုတယ်ကို အဆိုပါ ဟိုတယ်ကို ပိုင်ဆိုင်တဲ့ စင်ကာပူနိုင်ငံအခြေစိုက် Keppel Corp. လုပ်ငန်းစုက အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းနဲ့ ပြန်လည်ရောင်းချတော့မှာဖြစ်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းမှာ ဖော်ပြပါ တယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့်ရော ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စတင်ကာ စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းမှာပါ လုပ်ငန်းလည်ပတ်နိုင်ဖို့ စိန်ခေါ်မှုတွေနဲ့အတူ ဆက်တိုက်ရုန်းကန်နေကြရတဲ့ အခြေအနေနောက်ပိုင်း ခုလိုပြန်လည်ရောင်းချ တာဖြစ်တယ်လို့ ဆိုပါတယ်။

Keppel ကော်ပိုရေးရှင်းအနေနဲ့ မြန်မာနိုင်ငံက ဒီဟိုတယ်ကို စင်ကာပူနိုင်ငံမှာ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကဏ္ဍမှာ မှတ်ပုံတင်ထားတဲ့ Spring Blossom Ventures လုပ်ငန်းစုဆီ လွှဲပြောင်းရောင်းချမှာဖြစ်ပြီးတော့ အခုနှစ် ၂၀၂၃ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ အပြီးသတ်ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Spring Blossom Ventures လုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ ဒီသတင်းကို အတည်ပြုဖြေကြားခဲ့ပြီးနောက် ကုမ္ပဏီအနေနဲ့ ဟိုတယ်သစ်ကို လည်ပတ်မယ့် အော်ပရေတာကို ရှာဖွေနေပြီး ဘယ်အချိန်မှာ ပြန်လည်ဖွင့်လှစ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်လျော့လာနေပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်မှု နည်းပါးတာကြောင့် တချို့သော ဟိုတယ်တွေကတော့ ခုချိန်ထိတိုင်အောင် ပိတ်ထားရဆဲ ဖြစ်ပါတယ်။

ဆီဒိုးနားဟိုတယ်ကိုတော့ မြန်မာ့ခရီးသွားနှစ်စတင်ချိန် လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းက နိုင်ငံတကာအဆင့်မီ ဟိုတယ်တခုအနေနဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အရှိန်အဟုန်မြင့်လာဖို့ မျှော်မှန်းချက်ကြီးကြီးမားမားနဲ့ အခန်းအရေအတွက် ၈၀၀ နီးပါးအထိ တိုးမြှင့်တည်းခိုနိုင်မယ့် အဆောက်အအုံသစ်ကို ထပ်မံတိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။

3 hours Ago
Up