close

ကန်ဒေါ်လာ ၇၅၀ ဘီလီယံ

close

July 5, 2022

ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေး ကန်ဒေါ်လာ ၇၅၀ ဘီလီယံလိုဟု ဝန်ကြီးချုပ်ပြော

ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၇၅၀ ဘီလီယံ လိုအပ်တယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒန်နီစ် ရှန်မိုက်ဟာက ဇူလိုင် ၄ ရက်မှာ ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးမှာ အရေးအကြီးဆုံး လုပ်ရမယ့် ကဏ္ဍကတော့ ရုရှားအစိုးရနဲ့ ရုရှားသူဌေးကြီးတွေရဲ့ အရင်းအမြစ်တွေကို သိမ်းယူလိုက်ဖို့ပါပဲ” လို့ ဆွစ်ဇလန်နိုင်ငံ လူဂန်နို မြို့မှာ ရောက်နေတဲ့ ယူကရိန်း ဝန်ကြီးချုပ်က ပြောတာပါ။ 

ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့နောက် ချိတ်ပိတ်ထားတဲ့ ရုရှားရဲ့ပိုင်ဆိုင်မှု တန်ဖိုးဟာ အမေရိကန် ၃၀၀ နဲ့ ၅၀၀ ဘီလီယံကြား ရှိတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးမှာ ဒေါ်လာ ၁၀၀ ဘီလီယံ လောက်ဟာ ရုရှား ကျူးကျော်စစ်အတွင်း ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ သုံးရမယ်လို့ ဆိုပါတယ်။ 

“ရုရှားအစိုးရက ဒီစစ်ပွဲကို စတင်ခဲ့တာ ဖြစ်တယ်။ စစ်ကြောင့် ပျက်စီးမှု ပမာဏက အလွန်ကြိးမားတယ်။ ဒီအတွက် တာဝန်ခံရမယ့် သူတွေဟာ ရုရှားအစိုးရ အာဏာပိုင်တွေ ကိုယ်တိုင်ပါပဲ” လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောပါတယ်။  

ယူကရိန်း ပြန်လည်ထူထောင်ရေးမှာ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်ဖို့ လိုအပ်ပြီး ပထမအဆင့်အနေနဲ့ ပြည်သူတွေအတွက် ရေနဲ့ တခြား နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့၊ ဒုတိယအနေနဲ့ စစ်ပွဲ ပြီးသွားတယ်ဆိုတာနဲ့ ယာယီအိမ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေကို မြန်မြန်ဆန်ဆန် ပြန်လည်တည်ဆောက်ဖို့နဲ့ တတိယအနေနဲ့ ရေရှည်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းချပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်။ 

58 mins Ago
Up