close

ကန်ဒေါ်လာ ၇ ဘီလီယံ

close

August 26, 2021

ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၇ ဘီလီယံခန့် လျော့နည်းကျဆင်း

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုဟာ  ယခုဘဏ္ဍာနှစ် ကုန်ဆုံးဖို့ တစ်လကျော်အလိုမှာ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့တဲ့နှစ်နဲ့  နှိုင်းယှဉ်ရင်ဒေါ်လာ ၇ ဘီလီယံလောက် ကုန်သွယ်မှုပမာဏ လျော့နည်းကျဆင်းသွားပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ ယခင်နှစ်နဲ့နှိုင်း ယှဉ်ရင် ဒီဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှုပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံဖိုးလျော့ကျခဲ့ပြီး၊ သွင်းကုန်တင်သွင်းမှုပမာဏက ကန်ဒေါ်လာ  ၄ ဘီလီယံ ကျော် လျော့ကျခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉- ၂၀ ဘဏ္ဍာနှစ်မှာတော့  သြဂုတ် ၁၃ရက်နေ့အထိ အမေရိကန်‌ဒေါ်လာ ၃၂ ဒသမ၄ ဘီလီယံကျော်ကုန်သွယ်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇ ဘီလီယံကျော်သာကုန်သွယ်နိုင်ခဲ့ပါတယ်။ လယ်ယာထွက်ကုန်ကလွဲပြီး  ပြည်ပပို့ကုန်အားလုံး တင်ပို့မှုလျော့ကျခဲ့သလို သွင်းကုန်တွေလည်း ဘက်ပေါင်းစုံက ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကြောင့်  ကုန်သွယ်မူလုပ်ငန်းတွေ နှောင့်နှေးကျဆင်းခဲ့ရပြီ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်တတိယလှိုင်းကြောင့်လည်း ကုန်သွယ်မူလုပ်ငန်းတွေအပေါ် ထပ်မံသက်ရောက်မူတွေ ရှိ လာတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဘဏ်တွေပိတ်ထားတာ၊ CDMလှုပ်ရှားမှုတွေဆောင်ရွက်လာတာ၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း ရှိလာတာကြောင့် ပို့ကုန်လုပ်ငန်းတွေထိခိုက်ခဲ့ရသလို၊ မြန်မာနိုင်ငံထဲကို နိုင်ငံတကာ သင်္ဘောလိုင်းတွေဝင်ရောက်မှု လျော့ကျခဲ့လို့လည်း ကုန်သေတ္တာလိုအပ်ချက်တွေ မြင့်တက်လာပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ ထိခိုက်နေရပါတယ်။

ပို့ကုန်တင်ပို့မှု လျော့ကျလာတာရဲ့ နောက်ဆက်တွဲအနေနဲ့ နိုင်ငံထဲကို နိုင်ငံခြားငွေဝင်ရောက်မှု လည်း လျော့ကျလာပြီး၊ ကျပ်ငွေတန်ဖိုးလည်း ကျဆင်းလာကာ သွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

6 mins Ago
Up