ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဋ ရပ်ကွက်၊ ခေမာသီလမ်းနဲ့ ကန်သာယာပန်းခြံ တို့မှာ မူးယစ်ဆေးဝါးရောင်းချသူ ၃ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီနေ့ ညနေ ၃ နာရီခွဲလောက်က အောင်မျိုးသန့် (၄၆ နှစ်) နဲ့ မခိုင်သဇင်ထွေး (၂၅ နှစ်) တို့က ကန်သာယာပန်းခြံအတွင်း လမ်းလျှောက်လာချိန်မှာ မူးယစ်ဆေးပြား ၅၀,၀၀၀၊ ဖုန်း ၂ လုံးနဲ့ စစ်ကောင်စီလက်အောက်ခံ မူးယစ်တပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်မှာ ချိုဝင်း (၄၁ နှစ်) ကို ဋ ရပ်ကွက် ခေမာသီလမ်းမပေါ်မှာ ပါဂျဲရိုးကားနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ရပ်ကွက်နေသူတဦးက “ဖြစ်တာက ကန်သာယာပန်းခြံဆိုပေမဲ့ အပိုင်ရပ်ကွက်က ဋ နဲ့ ဇ တို့နဲ့လည်း ဆိုင်ပါတယ်။ ဇ ရပ်ကွက်၊ ဥဇ္ဇနာဘက်မှာလည်း ဆေးပြားရောင်းနေကြတာပဲ။ အသိပေးရင်တောင် ဘာမှလုပ်လို့မရဘူး၊ သက်သေမရှိဘူးလေ။ ပန်းခြံထဲ ညနေဆို လူငယ်လေးတွေ သုံးလေးယောက်နဲ့ ဖြန့်ခိုင်းနေကြတာ။ အခုဟာ နည်းနည်းများတယ် ဆိုပေမဲ့ နောက်ကွယ်မှာ ဒီထက်ကြီးတာတွေ ရှိနေနိုင်တယ်” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ကျား ၂ ဦး၊ မ ၁ ဦးကို မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံရှိ အများသုံးသန့်စင်ခန်းနားမှာ ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီခွဲခန့်က အဝေးထိန်းလက်လုပ်ဗုံးတွေ့ရှိလို့ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ ပြီးနောက် ဒီနေ့မှာတော့ အရပ်ဝတ်အပါအဝင် စစ်ကောင်စီတပ်သားတွေက ရထားဘူတာ၊ ပန်းခြံ၊ ဘတ်စ်ကား မှတ်တိုင်တွေမှာပါ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပန်းခြံသန့်စင်ခန်းနားက အဝေးထိန်းလက်လုပ်ဗုံးကို စစ်ကောင်စီက ဣန္ဒာမှတ်တိုင်ကနေ ကန်သာယာမီးပွိုင့်အထိ လမ်းပိတ်ဆို့ကာ ဖေဖော်ဝါရီ ၁၁ ရက် ည ၇: ၄၄ မိနစ်မှာ ဖောက်ခွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲသံကို မြောက်ဥက္ကလာပမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့ကပါ ကြားရတယ်လို့ ပန်းခြံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ပန်းခြံက ပုံမှန် ည ၈ နာရီဆို ခေါင်းလောင်းတီးပြီး ပိတ်ပါတယ်၊ မပိတ်ခင်လေး ည ၇ နာရီခွဲလောက် မသင်္ကာစရာ အိတ်တွေ့လို့ စစ်တပ်ကို ဒီက တာဝန်ရှိသူတွေက ဖုန်းဆက် အကြောင်းကြားတာလို့ ပြောတယ်။ အဝေးထိန်းဗုံးလို့ ပြောတယ်၊ ဥဇ္ဇနာရှေ့တင် ဖောက်ခွဲလိုက်တာ၊ ပေါက်ကွဲသံက တော်တော်ကျယ်တယ်၊ ဒီမနက်တော့ သူတို့ဘက်က အရပ်ဝတ်တွေပါ လာစောင့်ပေးနေတယ်။"
ကန်သာယာပန်းခြံမှာ ဂိတ်ကြီး ၂ ဂိတ်နဲ့ ဥဇ္ဇနာလမ်းသွယ်ဂိတ်ရှိပြီး အဝင်အဝက စီစီတီဗွီမှတ်တမ်းတွေကို ယူဆောင်သွားပြီး ပန်းခြံတဝိုက်က ဋ၊ ည၊ ဇ ရပ်ကွက်တွေကို ဧည့်စာရင်းဝင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း မြောက်ဥက္ကလာပ ထွေအုပ်ရုံးအနီးမှာ လက်လုပ်ဗုံးတွေ့ရှိလို့ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့သေးတယ်လို့ သိရပါတယ်။