ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ နိုဝင်ဘာ ၂၂ ရက်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကဗျာဆရာတွေအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၁၁ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ဒေသခံ နိုင်ငံရေးအသိုင်းဝိုင်းက သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပုသိမ်မြို့က လွှတ်တော်ကိုယ်စားလှယ် ကိုသန်းထွဋ်၊ သာပေါင်းမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနဲ့ ဦးအောင်အောင်ဦး၊ ကဗျာဆရာ လူဖန်ခါး အပါဝင် စုစုပေါင်း ၁၁ ဦးကို ထောင်တွင်းအထူးတရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ စီပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “ဒါက အကြောက်တရားဖြန့်လိုက်တာပေါ့။ မင်းတို့ ဒီလိုလုပ်ရင် ဒီလိုခံရမယ်ဆိုပြီး လုပ်ပြတဲ့ပုံစံမျိုးပေါ့။တပ်တဲ့ပုဒ်မတွေက နိုင်ငံတော်သစ္စာဖောက်မှုတို့ ဘာတို့ပေါ့ မိမိဆန္ဒ မိမိထုတ်ဖော်တာ နိုင်ငံတော် သစ္စာဖောက်တယ်ဆိုကတည်းက လွဲနေပြီ အဲ့တာကို အမိန့်ချတဲ့ တရားသူကြီးက လိုက်ပြီး ခုလိုအမိန့်ချတယ်ဆိုကတည်းက ဒီနိုင်ငံရဲ့ တရားစီရင်ရေးက အောက်ဆုံးရောက်သွားပြီ”လို့ ပြောပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မတရား ပုဒ်မတပ်ပြီး ဖမ်းဆီးထားတဲ့အပေါ် တရားရုံးကခုလိုမျိုး နှစ် ၂၀ ပြစ်ဒဏ်ချမှတ်တဲ့အပေါ် အံ့ဩမိတယ်လို့ ဆိုပါတယ်။
ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အထဲမှာ ဧပြီ ၂ ရက်က အဆိပ်သောက်သေဆုံးခဲ့တဲ့ ကဗျာဆရာ မောင်အောင်ပွင့်ရဲ့ သမီး မလုံမငြိမ်းချမ်းရဲ့ခင်ပွန်း ကိုချက်ဖောင်း(ခ) ကိုကျော်လှမိုး လည်း ပါဝင်ပါတယ်။
ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၁ ဦးဟာ အရင်ကတည်းက နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်ထိ ပြစ်ဒဏ်ချခံထားရသူတွေလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အမျိုးသား ၃၀၀ ကျော်နဲ့ အမျိုးသမီး ၇၀ ကျော် အကျဉ်းချခံထားရတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကဗျာဆရာ လူဖန်ခါးကို အကြမ်းဖက်စစ်အုပ်စုက အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး မြစ်၀ကျွန်းပေါ်တော်လှန်တပ်ဦးက ဦးဆောင်သူ ကိုထက်လင်းစိုး(ခေါ်)လူဖန်ခါးကို ဖုန်းပြောနေတဲ့အချိန်မှာ အရပ်ဝတ်နဲ့ လူတစ်စုက ဝိုင်းထိုးရိုက်နှက်ပြီး ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့သူတွေက DVB ကိုပြောပါတယ်။
"မနက်က ခံတပ်ကိုလာပစ်တော့ အဲ့မှာသွားကာပေးကြတာပေါ့။ အဲ့ကပြန်လာပြီး ဖုန်းထွက်ပြောနေတုန်း အိမ်စီးကားနဲ့ရောက်လာပြီး ချက်ခြင်းထိုးရိုက်လုပ်ပြီး ခေါ်သွားတာ'' လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကဗျာဆရာ ကိုထက်လင်းစိုး(ခေါ်)လူဖန်ခါးကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။
ဒါပြင် ရာမညရပ်ကွက်မှာ နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကိုင်တွေက ဝင်ရောက်စစ်ဆေးရှာဖွေရင်း ဖုန်းထဲမှာ “နွေဦးတော်လှန်ရေး” ဆိုတဲ့ ပရိုဖိုင်တင်ထားမိခဲ့တဲ့ လူငယ် ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကာ မတ်လ ၂၉ ရက်နေ့ထိ ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၂ ဦးထိ ရှိနေပြီလို့ သိရပါတယ်။