ပြီးခဲ့တဲ့နှစ် မတ်လ ၃ ရက်နေ့က မုံရွာမြို့၊ ဘုရားနီလမ်း (အာဇာနည်လမ်း)မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကဗျာဆရာကေဇဝင်း အပါအဝင် ကျဆုံးခဲ့သူ ၉ ဦးရဲ့ ဂူဗိမာန် အုတ်ဂူတွေကို စစ်ကောင်စီက လာရောက်ဖြိုဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားကျင်းသုသာန်မှာရှိတဲ့ ဂူဗိမာန်တွေကို မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက လာရောက် ဖြိုဖျက်ခဲ့ကြတာဖြစ်ပြီး ပြန်လည်ထွက်ခွာတဲ့အချိန်မှာ သေနတ်တွေပါ ပစ်ဖောက်သွားတယ်လို့ ဆိုပါတယ်။
အခုလို ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ သမိုင်းဝင်အာဇာနည်တွေကို သမိုင်းကနေ ပျောက်ကွယ်အောင် လုပ်နေတဲ့လုပ်ရပ်သာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သွေးမအေးဖို့နဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ပြီး ဆက်လက်တော်လှန်ပေးဖို့ကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး ၇၅ ရက်မြောက်နေ့အဖြစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူတွေ စုပေါင်းသပိတ်ကို မေလ ၂၄ ရက်နေ့က ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စတဲ့ကြွေးကြော်သံတွေနဲ့အတူ ဒီမိုကရေစီ တောင်းဆိုရင်း အကြမ်းဖက်စစ်ကောင်စီရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကဗျာဆရာ ကေဇဝင်းရဲ့ ၃၉ နှစ်မြောက် အမှတ်တရမွေးနေ့ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့ကြတာပါ။
ကဗျာဆရာ ကေဇဝင်းဟာ မတ်လ ၃ ရက်နေ့က မုံရွာမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို လမ်းလျှောက်သပိတ်နဲ့ ထိုင်သပိတ်တို့အပြင် ကဗျာဆရာ ကေဇဝင်းရဲ့ အမှတ်တရ ကဗျာတွေကိုလည်း ရွတ်ဖတ်ဂုဏ်ပြုခဲ့ကြပါတယ်။