close

ကဗျာဆရာ

close

December 20, 2022

ကဗျာဆရာ လူဖန်ခါးကို ထောင်ဒဏ် ၂ နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၂၈ နှစ်ခွဲရှိလာ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မြစ်ဝကျွန်းပေါ်တော်လှန်တပ်ဦး ပင်မသပိတ်စစ်ကြောင်းခေါင်းဆောင် ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို စစ်ကောင်စီထောင်တွင်းတရားရုံးက ဒီဇင်ဘာ ၁၉ ရက် မှာ   ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်လိုက်တဲ့အတွက် သူ့အပေါ်ချမှတ်ထားတဲ့ စုစုပေါင်းထောင်ဒဏ်  ၂၈ နှစ်ခွဲရှိသွားပြီလို့ မိသားစုနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

ကဗျာဆရာ လူဖန်ခါးကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ (၁၂၂) (၁၂၄)၊ ပုဒ်မ ၅၀၅၊  ပုဒ်မ ၃၃၂ အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွေအပါအဝင် အမှု ၈ မှုနဲ့  တရားစွဲဆိုထားခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ ပုဒ်မ ၅၀၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ် ထပ်ချခဲ့တာပါ။

လူဖန်ခါးရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက"ဖမ်းခံရတဲ့အချိန်ကစပြီး မတရား ပုဒ်မတွေတပ် တရားစွဲ ထောင်ချခဲ့တာ။ အမှု ၈ မှုတပ်ထားတယ်။ အဲဒီအမှုတွေထဲကမှ ပုဒ်မ ၅၀၅ အမှုအတွက် ၂ နှစ်ထပ်ပြီး တိုးတယ်။ စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ်နဲ့ ၆ လ ဖြစ်သွားတယ်"လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကဗျာဆရာ လူဖန်ခါးကို ၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးခဲ့ကာ မတရားပုဒ်မတွေတပ် တရားစွဲခဲ့ပြီးနောက် ထောင်ဒဏ်ချခဲ့တာဖြစ်ပါတယ်။

ဒီနောက် ဇွန် ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်မှာ လူဖန်ခါးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ  ၁၁ ဦးကို ထောင်ဒဏ်နှစ် ၂၀ စီ  ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ 

13 mins Ago
Up