close

ကဗျာဝရွာ

close

July 29, 2022

ကဗျာဝရွာက ပျူစောထီးအဖွဲ့ဝင် ၁ ဦး အသတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ ကဗျာဝကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးမင်းကို ကို ဇူလိုင် ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။

ရေးဘီလူးအဖွဲ့ဝင်တဦးက “ဦးမင်းကိုက အရက်မူးလာပြီဆို ရွာသားတွေကို ပုဆိန်တလက်နဲ့ ရမ်းပြီး သောင်းကျန်းခဲ့တယ်။ ရွာသားတွေက မကျေနပ်လို့ ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပေမဲ့ ရဲစခန်းဘက်က ဘာမှ ထိရောက်တဲ့အရေးယူမှုတွေ မလုပ်ခဲ့ဘူး။ လက်နက်ပါ ကိုင်ဆောင်ထားတော့ အန္တရာယ်ရှိတော့ ရေးဘီလူးက သုတ်သင်ရှင်းလင်းလိုက်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကလည်း စစ်ကောင်စီသတင်းပေး ကျောက်မိချောင်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို ရေးဘီလူးအဖွဲ့သားတွေက ပစ်ခတ်ရှင်းလင်းထားပါတယ်။

ရေးဘီလူးအဖွဲ့က စစ်ကောင်စီရဲ့ လက်ပါးစေတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေ၊ တဖက်တလမ်းက စီးပွားရေးအကျိုးတူလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေမှာ လက်ရှိ ရာထူးတာဝန်တွေက ရပ်နားထားဖို့နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လုပ်ရပ်ကနေ ရပ်နားထားကြဖို့ လူမှုကွန်ရက်ကနေ အကြိမ်ကြိမ် ရေးဘီလူးအဖွဲ့သားတွေက သတိပေးထားပါတယ်။

စစ်တပ်နဲ့ ရဲတွေ၊ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ ရေးဘီလူးအဖွဲ့သားတွေဟာ စစ်တပ်နဲ့ ရဲသတင်းပေး အုပ်ချုပ်ရေးမှူးတွေ အပါအဝင် တဒါဇင်ကျော်လောက်ကို ယနေ့အထိ သုတ်သင်ရှင်းလင်းထားပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြောဆိုတာမျိုး ဒီနေ့အထိ မရှိသေးပါဘူး။

13 mins Ago
Up