အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ အမေရိကန်စစ်သား ၁၃ ဦး အပါအ၀င် အနည်းဆုံးလူ ၆၀ သေဆုံးခဲ့ပြီး တခြားလူ ၁၅၀ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ ထိပ်တန်းအဆင့်မြင့်အရာရှိတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
ကဘူးလ်လေဆိပ်က အသေခံဗုံးဖောက်ခွဲမှုကို လုပ်ဆောင်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် အစွန်းရောက်အဖွဲ့အစည်းဖြစ်တဲ့ ISIS-K ကို စစ်ရေးအရလက်စားချေမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပြီး ISIS-K ပိုင်ဆိုင်မှုများ၊ ခေါင်းဆောင်မှုနဲ့ စခန်းတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးထားပါတယ်။
“ဒီ ISIS အကြမ်းဖက်သမားတွေ အနိုင်ရမှာမဟုတ်ဘူး။ အမေရိကန်တွေကိုကယ်ဆယ်ပြီး အာဖဂန် မဟာမိတ်တွေကိုလည်း ခေါ်ထုတ်သွားမယ်။ မစ်ရှင်ကိုလည်း ဆက်လုပ်သွားမယ်” လို့ သမ္မတဘိုင်ဒင်က ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လုပ်သွားမှာဖြစ်ပြီး ဒီအကြမ်းဖက်တိုက်ခိုက်မှုရဲ့ ခြိမ်းခြောက်မှုဟာ အာဖဂန်က ဗြိတိန်လူမျိုးတွေကို ကယ်ထုတ်နေတဲ့ Operation Pitting စစ်ဆင်ရေးမှာ အတားအဆီးတစ်ခုလည်းဖြစ်လို့ အဲဒီအတွက်လည်း အဆင်သင့်ပြင်ထားတယ်လို့ အရေးပေါ်အစည်းအဝေးမှာ ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နူရယ်မာခွန်းက အာဖဂန်နစ္စတန်ကနေ သြဂုတ် ၃၁ ရက်ထက်မကျော်ပဲ ထွက်ခွာဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ငါတို့အားလုံး နောက်ထပ်ထိန်းချုပ်မှု မရှိတော့တဲ့ အခြေအနေမှာ ရှိတယ်လို့ ဒါဗလင်မြို့မှာ မနေ့က အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျာမနီအဓိပတိ အန်ဂလာမာကယ်က တိုက်ခိုက်မှုမှာ သေဆုံး၊ ဒဏ်ရာရရှိသူတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပြီး ဒဏ်ရာရသူတွေအတွက် ဆေးဝါး အကူအညီ အမြန်ဆုံးပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ အာရပ်စော်ဘွားများပြည်ထောင်စုကလည်း ကဘူးလ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယူအေအီးနိုင်ငံအနေနဲ့ ဘာသာရေးနဲ့လူသားရဲ့တန်ဖိုးတွေနဲ့ အခြေခံမူတွေအားလုံးကိုဆန့်ကျင်ပြီး လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေဖို့ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်လုပ်ဆောင်တဲ့ပုံစံအားလုံးကို ပယ်ချကြောင်း လည်း နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနကမနေ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အလားတူ တူရကီ၊ အီရန်၊ ဂျော်ဒန် နိုင်ငံတွေနဲ့ ကုလသမဂ္ဂနဲ့ အီးယူတို့ကလည်း အာဖဂန်နစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို အသီးသီး ပြစ်တင်ဝေဖန်ရှုတ်ချ လိုက်ပြီး သေဆုံးထိခိုက်သူတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာပြောဆိုထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်လေဆိပ်က ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲမှု ၂ ခုမှာ တာဝန်ရှိသူတွေကို လိုက်ဖမ်းမှာဖြစ်ပြီး သူတို့ကို ပြန်လည်တိုက်ခိုက်ဖို့ အစီအစဉ်တွေရေးဆွဲဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို တောင်းဆိုထားတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သြဂုတ် ၂၆ ရက်မှာ ကတိပြုပြောကြားလိုက်ပါတယ်။
ကဘူးလ်လေဆိပ်အပြင်ဘက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အမေရိကန်တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တာပါ။
အမေရိကန်နိုင်ငံသားတွေ ထိခိုက်ဆုံးရှုံးရမှုအပေါ် နာကျင်ကြေကွဲနေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ နာရီနဲ့ချီ မိန့်ခွန်းပြောကြားခဲ့တာပါ။
ကြေညာချက်တစ်ခုမှာ အိုင်အက်စ်အဖွဲ့က ဒီပေါက်ကွဲမှုအတွက် တာဝန်ခံပြောဆိုပြီး သူတို့ရဲ့ အသေခံဗုံးခွဲသမား တစ်ယောက်က အမေရိကန်စစ်တပ်အတွက် ဘာသာပြန်ပေးသူတွေ၊ အမေရိကန်စစ်တပ်နဲ့ပူးပေါင်း အလုပ်လုပ်သူတွေကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ ဖော်ပြ ပြောဆိုထားပါတယ်။
ဒီပေါက်ကွဲမှုကို လုပ်ဆောင်တဲ့ ISIS-K ရဲ့ပိုင်ဆိုင်မှုတွေ၊ ခေါင်းဆောင်မှုနဲ့ စခန်းတွေ အထောက်အပံ့တွေကို တိုက်ခိုက်ဖို့ စစ်ဆင်ရေးအစီအစဉ်တွေလုပ်ဖို့လည်း ညွှန်ကြားထားပြီး ငါတို့ ရွေးချယ်သတ်မှတ်တဲ့ အချိန်နဲ့နေရာမှာ ငါတို့အင်အား ငါတို့ပုံစံနဲ့ တုံ့ပြန်သွားမှာလည်း ဖြစ်တယ်လို့ ဘိုင်ဒန်က ပြောပါတယ်။
အမေရိကန်ဟာ ခွင့်လွှတ်ပေးမှာ မဟုတ်သလို မေ့ပစ်မှာလည်း မဟုတ်ဘဲ အမေရိကန်ကို ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း ဆိုပါတယ်။
အမေရိကန်စစ်တပ်ကိုလည်း ထပ်တိုးအင်အား လိုအပ်ရင် သမ္မတအနေနဲ့ ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ မှာကြားထားပြီးကြောင်းလည်း ပြောဆိုပါတယ်။
အမေရိကန် ကယ်ဆယ်ရွှေ့ပြောင်းရေးတွေကိုလဲ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ ပါတယ်။
ဒါပေမဲ့ လာမယ့်အင်္ဂါနေ့မှာ အမေရိကန်တွေကို ခေါ်ထုတ်သွားမယ့် ဦးတည်ချက်ကိုလည်း အပြောင်းအလဲ တစ်စုံတစ်ရာ ညွှန်ကြားမှု မရှိပါဘူး။
အခုတိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်မှာ ၂၀၂၀ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံး အမေရိကန်စစ်သည်တွေ သေဆုံးမှုဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့တွေ အတွက် အဆိုးရွားဆုံးဖြစ်ရပ်။
ဒါကြောင့် သြဂုတ် ၂၆ ရက် ကဘူးလ် အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးမှုအထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်နဲ့ အစိုးရအဆောက်အအုံတွေ၊ မြေပြင်တွေမှာ အမေရိကန်အလံတွေကို တိုင်တဝက် လွှင့်ထူထားပြီး သြဂုတ် ၃၀ ရက်နေဝင်ချိန်အထိ အလံကို တဝက်နှိမ့်ပြီး ဆက်လွှင့်ထားမှာဖြစ်တယ်လို့ အိမ်ဖြူတော်သတင်းပြန်ကြားရေးဌာန အတွင်းဝန် Jen Psaki က ပြောပါတယ်။
သြဂုတ် ၃၁ ရက်မှာ အမေရိကန်စစ်တပ်တွေ အပြီးမထွက်ခွာခင် နိုင်ငံကနေထွက်သွားလိုတဲ့ အာဖဂန်လူမျိုး အားလုံးကို ကယ်ထုတ်သွားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ဂျန်ဆာကီက ပြောပါတယ်။