close

ကမန်လူမျိုး

close

July 5, 2022

စစ်တွေရှိ ကမန်လူမျိုး အထက်တန်းကျောင်းသားများ ကျောင်းအပ်နှံခွင့်ရရှိ

ရခိုင်ပြည်နယ်၊  စစ်တွေမြို့က  ကမန်လူမျိုး အထက်တန်း ကျောင်းသူ/ကျောင်းသားတွေဟာ  ဇူလိုင် ၄ ရက်နေ့မှာ  အ.ထ,က(၆) ကျောင်းမှာ ကျောင်းအပ်နှံခွင့်ရရှိခဲ့ကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အခုနှစ် ပညာသင်နှစ် စစ်တွေမြို့မှာ  စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို ဇွန်လ  ၂ ရက်က စတင်ဖွင့်လှစ်သင်ကြားပေးနေရာမှာ ကမန်ကျောင်းသားတွေကတော့ ကျောင်းဖွင့်လှစ်ပြီး တလကျော်အကြာမှ ကျောင်းအပ်နှံခွင့်ရတာဖြစ်ပါတယ်။

ကျောင်းသားမိဘ တဦးက  “ဒီနေ့ (ဇူလိုင် ၄ ရက်)  စပြီးကျောင်းအပ်နှံခွင့်ရကြတာပါ။ အ.ထ.က (၆) စစ်တပ်ကျောင်းမှာ ကျောင်းအပ်နှံခွင့်ရကြတာပါ။ အခုအချိန်အထိ ကျောင်းအပ်နှံနေကြတုန်းပါ” လို့ ပြောပါတယ်။

သာယာကုန်းကျေးရွာရှိ အ.ထ,က(ခွဲ)ကျောင်းကို ၂၀၁၈ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးသိမ်းကြီးနဲ့ ရခိုင်ပြည်ဝန်ကြီးချုပ် ဦးညီပုတို့အပါအဝင် ပြည်နယ်/ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ ကိုယ်တိုင်လာရောက်ပြီး ဆောက်လုပ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေနဲ့ ပညာသင်ကြားနေပေမဲ့ တရားဝင် ကျောင်းမဖြစ်သေးလို့ မြို့နယ်ပညာရေးမှူးက အခုနှစ် စာသင်နှစ်မှာ ကျောင်းအပ်ခွင့်နဲ့ ကျောင်းတက်ခွင့်တို့ကို တားမြစ်ထားခဲ့တာလည်းဖြစ်ပါတယ်။

"အစကတည်းက စစ်တပ်က အ.ထ.က(၆)မှာ ကျောင်းလက်ခံလိုက်ရင်ရတာပါ။ သူတို့က လက်မခံကြတော့ ကျောင်းသူ/ကျောင်းသားတွေ တလလောက် ပညာသင်ခွင့်နောက်ကျခဲ့ကြ တာပါ။"လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့နယ်မှာ ကမန်တိုင်းရင်းသားလူဦးရေ  ၄၀၀၀ ကျော်နေထိုင်ကြပြီး ၉ တန်း၊ ၁၀ တန်း စတဲ့အထက်တန်းကျောင်းတက်မယ့် ကျောင်းသား ကျောင်းသူ ၅၀ ကျော်ရှိကြောင်း ကမန်တိုင်းရင်းသားတွေထံက သိရပါတယ်။

2 mins Ago
Up