close

ကမ္ဘာမှာအသုံးများ

close

November 25, 2021

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာမှာအသုံးများ၊ အတွင်ကျယ်ဆုံး စကားလုံးသစ် ဘာဖြစ်မလဲ

နှစ်ကာလတခုအတွင်း လူသုံးအများဆုံး၊ အပျံ့နှံ့ဆုံးစကားလုံးအသစ်တွေကို နိုင်ငံတကာ အဘိဓာန်ပြုစုတဲ့အဖွဲ့အစည်းတွေက နှစ်ကုန်ပိုင်းမှာ ပုံမှန်ရွေးချယ်လေ့ရှိပါတယ်။  ၂၀၂၁ ခုနှစ်အတွက် အောက်စ်ဖို့ဒ် အဘိဓာန်အဖွဲ့က ရွေးချယ်လိုက်တာက ကိုဗစ်-၁၉ ရောဂါနဲ့ဆက်စပ်တဲ့ ကာကွယ်ဆေး Vax ဆိုတဲ့စကားလုံးသစ်ဖြစ်ပြီး  ကောလင်း အဘိဓာန်အဖွဲ့ကတော့ NFT ဆိုတဲ့ စကားလုံးကို ရွေးချယ်ပါတယ်။ 

Vax

Vaccine ကာကွယ်ဆေးက ဆင်းသက်လာတဲ့ အတိုကောက်စကားလုံးဖြစ်ပြီး Anti-vax, Vax Cards, Getting vaxxed, vax sites, စသဖြင့် တွဲဖက်အသုံးအနှုန်းတွေတွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။​ ဒီစကားလုံး Vax ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ထက်ပိုပြီး အကြိမ်ပေါင်း ၇၂ ဆ မက ပိုမိုကျယ်ပြန့် သုံးစွဲဖေါ်ပြလာကြတယ်လို့ အောက်စ်ဖို့ဒ် အဘိဓာန် အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။ 

အောက်စ်ဖို့ဒ်ဟာ လွန်ခဲ့တဲ့နှစ်တွေကလည်း အတွင်ကျယ်ဆုံး စကားလုံးတွေအဖြစ် climate emergency, toxic, youthquake and post-truth စတာတွေကို ရွေးချယ်ခဲ့ဖူးပါတယ်။

NFT

ကောလင်းအဘိဓာန်ကတော့ ၂၀၂၁ ခုနှစ်အတွက် အတွင်ကျယ်ဆုံးစကားလုံးသစ်အဖြစ် NFT ဆိုတဲ့ ဒစ်ဂျစ်တယ်လောကရဲ့ အတိုကောက်စကားလုံးကို ရွေးချယ်လိုက်ပါတယ်။ NFT (Non-Fungible Token) ဆိုတာကို  

"a digital certificate of ownership of a unique asset such as an artwork or a collectible." ထူးခြားတဲ့ အနုပညာ သို့မဟုတ် စုဆာင်းပစ္စည်း ဉစ္စာတခုခုရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအထောက်အထား သက်သေခံတခုခုကို ဆိုလိုပါတယ်။ ဉပမာ တွစ်တာလူမှုကွန်ယက်တည်ထောင်သူ Jack Dorsey ဟာ ၂၀၀၆ ခုနှစ်က သူ့ရဲ့ပထမဆုံး Twitter post ကို NFT အဖြစ် ဒေါ်လာ ၂ ဒသမ ၉သန်းနဲ့ ရောင်းချခဲ့တာမျိုးဖြစ်ပါတယ်။ 

အမေရိကန် တစ် ဒေါ်လာတန် ငွေစက္ကူဟာ သူနဲ့တန်ဖိုးချင်းတူတဲ့ တခြားငွေစက္ကူ တစ်ရွက်နဲ့ အချိန်မရွေးလဲလှယ်လို့ရတဲ့အတွက် NFT (Non-Fungible Token) မဟုတ်ပါဘူး။ 

NFT ရဲ့သတ်မှတ်ချက် တန်ဖိုးဟာ ငွေစက္ကူတစ်ရွက်ထက်စာရင် ဒီလူတယောက်က ဒီအချိန် ဒီနေရာ ဒီထိုင်ခုံမှာ ဒီရုပ်ရှင်ဇာတ်ကားကိုကြည့်ဖို့ ဝယ်ယူထားတဲ့ တခြားလက်မှတ်တခုနဲ့ လုံးဝတူညီစရာမရှိတဲ့ ရုပ်ရှင်လက်မှတ် တစ်စောင်နဲ့ သဘောတရားချင်း ပိုပြီးနီးစပ်ပါတယ်။ 

NFT ပိုင်ဆိုင်မှု ဉစ္စာပစ္စည်းဟာ ဒစ်ဂျစ်တယ် ပန်းချီကားတစ်ချပ် ဒစ်ဂျစ်တယ် သီချင်းတပုဒ် ဒစ်ဂျစ်တယ် ပုံရိပ်တခုခု စုဆောင်းမှုတခုခု ထိုးမြဲလက်မှတ် အော်တိုဂရပ်ဖ်တခုခုလည်း ဖြစ်နိုင်ပါတယ်။  

NFT ဟာ အွန်လိုင်းနည်းပညာတွေနဲ့ အလှမ်းဝေးသူတွေ နားလည်ရခက်ခဲနိုင် နေသေးပေမဲ့ ကောလင်း အဘိဓာန် အဖွဲ့ကတော့ တခြားတွင်ကျယ်ပျံ့နှံ့လာတဲ့ စကားလုံးတွေဖြစ်တဲ့ climate anxiety, double-vaxxed, metaverse, pingdemic, cheugy, crypto, hybrid working, neopronoun and regencycore စတာတွေထဲကမှ ဉီးစားပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။​ 

မြန်မာနိုင်ငံရဲ့ ၂၀၂၁ ကာလအတွင်း အတွင်ကျယ်ဆုံး လူသုံးအများဆုံး စကားလုံးတလုံး စုပေါင်းဆုံးဖြတ် ရွေးချယ်ကြမယ်ဆိုရင် ဘယ်စကားလုံးကို ရွေးချယ်ကြမှာပါလိမ့်။

Photo Credit

1 min Ago
Up