ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ဂါနာနိုင်ငံမှာ မာဘာ့ဂ် (Marburg) ဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ အကြီးတန်းအရာရှိတဦးက ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
ဂါနာနိုင်ငံအတွင်း ကူးစက်နိုင်ခြေများတဲ့ အီဘိုလာရောဂါလို ရောဂါဖြစ်ပွားကြောင်း ထုတ်ပြန်ကြေညာပြီး နှစ်ပတ်အကြာမှာ ခုလို ပြောလိုက်တာပါ။
ဂါနာနိုင်ငံမှာ အခုလအစောပိုင်းက လူနှစ်ဦးမှာ မာဘာ့ဂ် ဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိအပြီး နောက်ပိုင်းမှာ သူတို့ သေဆုံးသွားခဲ့ပါတယ်။
သူတို့ဟာ အီဘိုလာနဲ့ဆင်တူတဲ့ ကူးစက်ရောဂါဖြစ်တဲ့ မာဘာ့ဂ်ဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသူနှစ်ဦး ဖြစ်တယ်လို့ အစိုးရက ဇူလိုင် ၂၄ ရက်မှာ တရားဝင် အတည်ပြုခဲ့ပါတယ်။ အခုကူးစက်မှုဟာ အနောက်အာဖရိကမှာ မာဘာ့ဂ်ဗိုင်းရပ်စ် ဒုတိယမြောက် ကူးစက်မှုပါ။
ဂီနီနိုင်ငံမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှုကို မနှစ်ကတွေ့အပြီး နောက်ထပ် ရောဂါထပ်ဖြစ်တာ မတွေ့ရသေးပါဘူး။
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ပထမဆုံး ကြေညာအပြီး ၂ နှစ်ခွဲနီးပါး ကြာနေပေမဲ့ ကမ္ဘာ့ အရေးပေါ်အခြေအနေအဆင့်မှာ ဆက်ရှိနေတုန်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဇူလိုင် ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရေးပေါ်ကော်မတီက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။
ကူးဆက်နှုန်း တိုးလာတာ၊ ဗိုင်းရပ်စ်ပိုးက ဗီဇတွေ ဆက်ပြောင်းပြီး ဗီဇမျိုးစိတ်အသစ်တွေ ထပ်ထွက်လာနေတာနဲ့ နိုင်ငံတွေမှာ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ ဖိအားပိနေတာတွေက အခြေအနေဟာ အရေးပေါ်အဆင့်မှာ ရှိနေတုန်းပဲဆိုတာ ပြနေတယ်လို့ ကြေညာချက်က ဆိုပါတယ်။
ကာကွယ်ဆေးကြောင့် အများစုဖြစ်တဲ့ လူထုရဲ့ ရောဂါပြီးစနစ် မြင့်တက်လာပေမဲ့ ကျန်ခဲ့တဲ့ ရက်တွေအတွင်း ကူးစက်ခံဦးရေ ၃၀ ရာခိုင်နှုန်း ပိုတိုးနေတာကို WHO ဆီမှာ အစီရင်ခံထားကြပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေး ပြီးဆုံးဖို့ အချိန်မနီးသေးဘူးလို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တေဒရို့စ် အဒ်ဒါနွန် ဂေဘရီယေးဆပ်က ကြေညာချက်ထုတ်အပြီး ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
WHO ဟာ ၂၀၂၀ ဇန်နဝါရီ ၃၀ တုန်းက ကိုဗစ်-၁၉ ကပ်ဘေးအတွက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အမြင့်ဆုံးအဆင့် တပ်လှန့် သတိပေးချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး နိုင်ငံတကာ ဆောင်ရွက်ချက်တွေ၊ ရန်ပုံငွေတွေနဲ့ သုတေသနတွေကို အရှိန်မြှင့်ရာမှာ ကူညီနိုင်ခဲ့ပါတယ်။
နိုင်ငံပေါင်း ၆၃ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံဦးရေ ၉,၂၀၀ အထိ ရှိနေကြောင်း အစီရင်ခံထားလို့ အရေးပေါ်ကော်မတီဟာ လာမယ့်သီတင်းပတ်မှာ ပြန်ပြီး အစည်းအဝေး လုပ်မယ်လို့လည်း တေဒရို့စ်က ပြောခဲ့ပါတယ်။