close

ကမ္ဘာ့ခေါင်းဆောင်များ

close

August 31, 2022

ကွယ်လွန်သူ ဆိုဗီယက်သမ္မတဟောင်း ဂေါ်ဘာချော့ဗ်ကို ကမ္ဘာ့ခေါင်းဆောင်များ ချီးကျူးဂုဏ်ပြု

ဆိုဗီယက်ပြည်ထောင်စုရဲ့ နောက်ဆုံးသမ္မတဟောင်း ဂေါ်ဘာချော့ဗ် သြဂုတ် ၃၀ ရက်နေ့က ကွယ်လွန်ခဲ့ပြီး လက်ရှိ ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဟောင်းတွေက ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။

ဂေါ်ဘာချော့ဗ်ဟာ ဒုတိယကမ္ဘာစစ်ကတည်းက ဥရောပကို ပိုင်းခြားခဲ့တဲ့ သံကန့်လန့်ကာကို ဖယ်ရှားပြီး ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဆောင်ကြဉ်းပေးဖို့ အနောက် အင်အားကြီး နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့သလို အမေရိကန်နဲ့ လက်နက်လျှော့ချရေး သဘောတူညီချက်တွေကို တွန်းအားပေးလုပ်ဆောင်ခဲ့သူပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ဂေါ်ဘာချော့ဗ်ဟာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တဦးပါ။ ကြီးမြတ်တဲ့ ကမ္ဘာ့ခေါင်းဆောင်တဦး၊ နိုင်ငံပေါင်းစုံက ကတိကဝတ်ပြုပြီး ငြိမ်းချမ်းရေးအတွက် ငြီးငွေ့မှုကင်းတဲ့ ထောက်ခံအားပေးသူတဦးကို ကမ္ဘာကြီးက ဆုံးရှုံးခဲ့တယ်။ သူကွယ်လွန်သွားတဲ့အတွက် အလွန်ဝမ်းနည်းမိပါတယ်” လို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ မှတ်ချက်ပြုခဲ့ပါတယ်။

ဂေါ်ဘာချော့ဗ်ကို ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ယုံကြည်ပြီး လေးစားရတဲ့ ခေါင်းဆောင်တဦးလို့ ရည်ညွှန်းခဲ့သလို အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ကွန်ဒိုလီဇာရိုက်စ်ကလည်း “သူ့လူတွေအတွက် ပိုမိုကောင်းမွန်တဲ့ဘဝကို ပေးဆောင်ဖို့ ကြိုးစားခဲ့သူ” လို့ ဖော်ပြခဲ့ပါတယ်။

ဂေါ်ဘာချော့ဗ်ကို မော်စကိုမြို့တော်က နိုဗိုဒေဗစ်ချီ သင်္ချိုင်းအတွင်း ၁၉၉၉ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ သူ့ဇနီး ရိုင်ဆာရဲ့ဘေးမှာ သင်္ဂြိုဟ်မယ်လို့ ဂေါ်ဘာချော့ဗ် ရာထူးကဆင်းအပြီး တည်ထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းကို ကိုးကားပြီး ရုရှားအခြေစိုက် Tass သတင်းဌာနက ဖော်ပြပါတယ်။

6 mins Ago

May 5, 2020

COVID-19 ကာကွယ်ကုသဆေးအတွက် ရံပုံငွေ ဒေါ်လာ ၈ ဘီလီယံပေးရန် ကမ္ဘာ့ခေါင်းဆောင်များ ကတိပြု

COVID-19 ရောဂါကာကွယ်ဆေးနဲ့ ကုသဆေးတွေကို သုတေသနလုပ်ဖို့နဲ့ ထုတ်လုပ်ဖြန့်ချိဖို့ ရံပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈ ဘီလီယံပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက မေလ ၄ ရက်မှာ ကတိပြုလိုက်ပါတယ်။ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအပြင် ဗြိတိန်၊ နော်ဝေနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက ဒီရန်ပုံငွေအတွက် စီစဉ်ခဲ့တာဖြစ်ပြီး ဂျပန်၊ ကနေဒါ၊ တောင်အာဖရိကနဲ့ တခြား ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဒီညီလာခံကို အွန်လိုင်းကနေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် စတင်ရာလို့ ယုံကြည်ခံရတဲ့ တရုတ်နိုင်ငံကတော့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးကိုသာ ကိုယ်စားပြု တက်ရောက်စေခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်၊ ဘီလ်အန် မယ်လင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်းနဲ့ ချမ်းသာတဲ့ သူကြွယ်ကြီးတွေရဲ့ အားထုတ်မှုနဲ့ ရံပုံငွေ မြှင့်တင်ဖို့ အစိုးရတွေက ရည်မှန်းထားခဲ့တာပါ။  COVID-19 ရောဂါ ကာကွယ်ဆေး ကုသဆေးနဲ့ ကုသနည်းတွေဖော်ထုတ်ဖို့ နာရီအနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံလှူမယ့်ကတိကို ရခဲ့တယ်လို့ ဥရောပကော်မရှင်အကြီးအကဲက အွန်လိုင်း ကတိပြုညီလာခံမှာ ပြောခဲ့ပါတယ်။  ဒေါ်လာ ၈ ဘီလီယံဟာ ကတိပြုမျှော်လင့်ချက်ကို ပြည့်မီပေမယ့် ကနဦး ကိန်းဂဏန်းသာဖြစ်ပြီး အချိန်နဲ့အမျှ ငွေတွေ ပိုလိုလိမ့်မယ်လို့လည်း ပြောပါတယ်။ အလှူရှင်တွေထဲမှာ ပေါ့ပ်အဆိုတော် မက်ဒေါနားက ယူရိုငွေ ၁ သန်းလှူမယ်လို့ ကတိပြုခဲ့ ကြောင်းလည်း သူက ပြောပါတယ်။  ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုမှာထည့်ဝင်ဖို့ အမေရိကန် အစိုးရက တော့ ငြင်းထားပါတယ်။ 
2 years Ago
Up