close

ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး

close

May 24, 2022

ယူကရိန်းဆိပ်ကမ်းပိတ်ထားမှု ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးကို စစ်ကြေညာခြင်းဖြစ်ဟု ကုလပြော

ယူကရိန်းဆိပ်ကမ်းတွေကို ရုရှားက မဖွင့်နိုင်တာဟာ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးအပေါ် စစ်ကြေညာတာနဲ့ အတူတူပဲလို့  မေ ၂၃ ရက်က  ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ  ကုလသမဂ္ဂက  ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အကြီးအကဲက  “ဆိပ်ကမ်းတွေကို ပြန်ဖွင့်နိုင်မယ်ဆိုရင် ဒါဟာ ပြဿနာကို ဖြေရှင်းတာသာမက မတည်ငြိမ်တဲ့ စားနပ်ရိက္ခာ စျေးကွက် တည်ငြိမ်ရေးကိုပါ စတင်ဖန်တီးရာရောက်တယ်။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ တခြား ကိစ္စရပ်တွေ အားလုံးကိုပါ ပူးပေါင်း ဖြေရှင်းရာ ရောက်တယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ လက ရုရှားအစိုးရက စစ်တပ်တွေကို ယူကရိန်းနိုင်ငံဆီ လွှတ်လိုက်ကတည်းက ယူကရိန်းရဲ့ ပင်လယ်နက်နဲ့ အာဇော့ဗ်ပင်လယ်တို့က အဓိက ဆိပ်ကမ်းတွေသုံးလို့ မရဘဲ ဖြစ်ခဲ့တာကြောင့် အရင်နှစ်ကနဲ့ စာရင် ကောက်ပဲသီးနှံ တင်ပို့မှုဟာ ထက်ဝက်ကျော် ကျဆင်းခဲ့ပါတယ်။

WFP ဟာ ကမ္ဘာတဝန်း လူ ၁၂၅ သန်းကို ကျွေးမွေးနေရပြီး အဲဒီအတွက် လိုအပ်တဲ့ ကောက်ပဲသီးနှံ ၅၀ ရာခိုင်နှုန်းကို ယူကရိန်းနိုင်ငံဆီကနေ ဝယ်နေတာပါ။ 

ကမ္ဘာ့အဆင်းရဲဆုံးနဲ့ အထိခိုက် မခံနိုင်ဆုံး နိုင်ငံတချို့ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံဟာ သူတို့ရဲ့ ဂျုံတင်သွင်းမှု ၅၀ ရာခိုင်နှုန်းကျော်ကို ရုရှားနဲ့ ယူကရိန်းအပေါ် မှီခိုနေရတယ်လို့ ကုလသမဂ္ဂ က ပြောခဲ့ပြီးပါပြီ။ 

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ဟာ ကောက်ပဲသီးနှံ၊ ဟင်းချက်ဆီ၊ လောင်စာ၊ ဓာတ်မြေဩဇာ စျေးတွေကို ထိုးတက်စေခဲ့လို့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ စားနပ်ရိက္ခာ၊ စွမ်းအင်နဲ့ စီးပွားရေး အကျပ်အတည်းတွေ ပိုဆိုးစေလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

“လူဦးရေ သန်း ၄၀၀ကို ကျွေးဖို့ လုံလောက်တဲ့ စားနပ်ရိက္ခာတွေကို ထုတ်နေတဲ့ နိုင်ငံ တနိုင်ငံကို ယူလိုက်ရင် ဘာတွေ ဖြစ်သွားမယ်လို့ ခင်ဗျားထင်သလဲ။ လောင်စာစျေး၊ စားနပ်ရိက္ခာစျေး၊ ကုန်စည်သယ်ပို့ရေး စရိတ်တွေ ထပ်ပေါင်းထည့်လိုက်ပေါ့။ ဒါဟာ ကျနော်တို့ လုပ်ငန်းလည်ပတ်ဖို့သာမက ကမ္ဘာလုံး ဆိုင်ရာ စားနပ်ရိက္ခာ လုံခြုံရေးကိုပါ ပျက်စီးစေတယ်”လို့ (WFP) ရဲ့ အကြီးအကဲ ဒေးဗစ် ဘီစ်လေက ပြောပါတယ်။

ကမ္ဘာ့ ဆာလောင်မွတ်သိပ်မှုဘေးကို ရှောင်ဖို့နဲ့ ယူကရိန်းကို ကူညီဖို့ ဩဒက်ဆာ ဆိပ်ကမ်းမြို့ ကနေ ထွက်ဖို့ စင်္ကြံလမ်းကနေ တဆင့် စားနပ်ရိက္ခာ ပြည်ပ တင်ပို့တဲ့ သင်္ဘောတွေအတွက် ဘေးကင်းရေး လမ်းကြောင်းရဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ကူညီသင့်တယ်လို့ ယူကရိန်း ဒုဝန်ကြီးချုပ် ယူလီယာဆွယ်ရဲဒန်ကိုက ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ပြောပါတယ်။

2 mins Ago
Up