၅၅ ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွေကို မကွေးတိုင်း ဂန့်ဂေါမြို့နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ကြားကာလ ကျောင်းသား/ကျောင်းသူတွေကို ကမ္ဘာ့ဆရာများ နေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ ကျင်းပပေးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ယာယီပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုကျောင်းအဆင့်ကို အောက်တိုဘာ၁ရက်နှင့် အုပ်စုအဆင့်ကို အောက်တိုဘာ ၃ ရက်ကျင်းပပြီး ပ၊ဒု၊တရရှိသူတွေကို မြို့နယ်အဆင့်မှာ တခါတည်းစစ်ဆေးပေးလိုက်ပါတယ်။ မြို့နယ်အဆင့် ပ၊ဒု၊တ ရရှိသူတွေကို ပညာရေးဝန်ကြီးရဲ့ လက်မှတ်ပါသော ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မှာဖြစ်ပါတယ်။ အုပ်စုအဆင့် ပ၊ဒု၊တ ရရှိသူတွေ ကိုတော့ ပညာရေးဘုတ်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မှာဖြစ်ပါတယ်။"
ဂန့်ဂေါမြို့နယ် ကြားကာလယာယီပညာရေးကျောင်းမှာ KG မှ Grade 11 ထိ ကျောင်းသား /ကျောင်းသူ ၁၁၈၂၈ ဦးကို CDM နဲ့ Volunteer ဆရာ/မပေါင်း ၁၂၀၉ ဦးက သင်ကြားနေပါတယ်။
အောက်တိုဘာ ၅ ရက်က မဘိမ်းမြို့နယ် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ထောက်ပံ့ထားတဲ့ CDM ကျောင်းမှာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
CDM ကျောင်းက အလယ်တန်းနဲ့ အထက်တန်းမှ ကျောင်းသားကျောင်းသူ ၄၀ ဟာ “ဆရာ နဲ့ ကျွန်တော်” ခေါင်းစဉ်ဖြင့် စာစီစာကုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ S&C မှ ကိုစိုးမိုးအောင်က ပြောပါတယ်။
မဘိမ်းမြို့ရှိ CDM ကျောင်းကို ဇွန်လက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဆရာ၊ ဆရာမ ၁၄ ဦးက ကျောင်းသားကျောင်းသူ ၁၈၀ ကို ပညာသင်ကြားနေတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ ပါဝင်တော်လှန်နေကြတဲ့ CDM ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကို အလေးထား ဂုဏ်ပြုဦးညွှတ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
အောက်တိုဘာ ၅ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၅၅ နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ပညာရေးနယ်ပယ်က ဆရာ ဆရာမ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးအတွက် ပင်မမဏ္ဍိုင်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ကြားကာလပညာရေးအတွင်း တချို့ ဆရာ၊ ဆရာမတွေဟာ မြေပြင်စာသင်ကျောင်းတွေမှာ သက်စွန့်ဆံဖျား ပညာသင်ကြား ပို့ချပေးနေကြသလို တချို့လည်း အွန်လိုင်း ပညာရေး ပလက်ဖောင်းကို အသုံးပြုပြီး နေ့စဉ် လုံ့လစိုက်ထုတ် ကြိုးစားနေကြတာကို တွေ့နေရပြီး လတ်တလောမှာတော့ မြေပြင် ပြည်သူ့ပညာရေးကျောင်းပေါင်း ၁,၀၀၀ ကျော်၊ အွန်လိုင်းကျောင်းပေါင်း ၆၀ ကျော်နဲ့ တက္ကသိုလ်အသွင် သင်ကြားပို့ချနိုင်တဲ့ အခြေအနေတွေအထိ ပေါ်ထွက်လာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို နွေဦးတော်လှန်ရေးနဲ့အတူ အုတ်မြစ်ချ တည်ဆောက်ဖို့ ဆန္ဒရှိကြောင်းနဲ့ အထူးသဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ရွပ်ရွပ်ချွံချွံ အာဏာဖီဆန်ခဲ့ကြတဲ့ ပညာရေးနယ်ပယ်မှ ဆရာ၊ ဆရာမတွေ အားလုံးရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေဟာ ပြည်သူလူထု တရပ်လုံးအတွက် မြင့်မြတ်တဲ့ အမှတ်သင်္ကေတလည်း ဖြစ်ခဲ့သလို တော်လှန်ရေးသက်လုံ အားကောင်းအောင် အထောက်အကူ ပြုတာကိုလည်း တွေ့ရတဲ့အတွက် လေးစားဂုဏ်ယူမိတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း ကလေးငယ်တွေ စာသင်နေချိန် စစ်ကောင်စီက စစ်ရဟတ်ယာဉ်နဲ့ အင်အားသုံးပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ လတ်တလောဖြစ်ရပ်တွေ အပါအဝင် စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု နိုင်ငံတကာသိ ကျူးလွန်မှုဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အရင်ကတည်းက တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာ၊ လူမျိုးတုံး သတ်ဖြတ်မှုတေွကို ကျူးလွန်ခဲ့ပြီးဖြစ်ကာ NUG အစိုးရကလည်း အဆိုပါ အကြမ်းဖက် ဖက်ဆစ်စနစ်ကို အပြီးတိုင် ကွယ်ပျောက်သွားနိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။