close

ကမ္ဘာ့နိုင်ငံများ ပြင်ဆင်မှု

close

January 31, 2023

အနာဂတ်ကပ်ရောဂါများအတွက် ကမ္ဘာ့နိုင်ငံများ မပြင်ဆင်ထားသေး

အနာဂတ်ကပ်ရောဂါတွေအတွက် ကမ္ဘာကြီးဟာ အန္တရာယ်ကြီးလောက်အောင်ကို မပြင်ဆင်ထားသေးဘူးလို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့များအသင်းချုပ် (IFRC) က ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

နှစ်ကုန်ပိုင်းမှာ နိုင်ငံတွေအနေနဲ့ သူတို့ပြင်ဆင်ထားတဲ့ အစီအမံတွေကို အသစ်မွမ်းမံကြဖို့လည်း ဆော်ဩခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးဟာ သမိုင်းမှာ ဘယ်လို ငလျင်၊ မိုးခေါင်မှုနဲ့ ဟာရီကိန်းတွေထက်မဆို ပိုများတဲ့ လူတွေကို သေစေခဲ့ပေမဲ့ အနာဂတ်ကပ်ဘေးတွေအတွက် နိုင်ငံအားလုံးက အန္တရာယ်ရှိလောက်အောင်ကို မပြင်မဆင်ဘဲ ရှိနေဆဲပဲလို့ ၂၀၂၂ ကမ္ဘာ့ကပ်ဘေး အစီရင်ခံစာထဲမှာ IFRC က ပြောထားပါတယ်။

“နောက်ထပ် ကပ်ရောဂါတခုက အနီးဆုံးမှာ ရှိနေနိုင်ပါတယ်။ တကယ်လို့ ကိုဗစ်-၁၉ ရဲ့ အတွေ့အကြုံက ပြင်ဆင်ဖို့ ခြေလှမ်းတွေကို မြန်မြန်မလှမ်းနိုင်ရင် ဘာဖြစ်မလဲ”လို့ IFRC အတွင်းရေးမှူးချုပ် ဂျာဂန် ချာပါဂန်းက ပြောပါတယ်။

ဆိုးရွားတဲ့ ၃ နှစ်တာကာလကို ကျော်ဖြတ်အပြီး ပြင်ဆင်မှုမရှိဘဲ ဆက်နေတာအတွက် ဆင်ခြေရှိလာမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

နိုင်ငံတွေဟာ ၂၀၂၃ နှစ်ကုန်မှာ ကပ်ရောဂါဘေးပြင်ဆင်ရေး အစီအမံတွေကို လိုက်နာတာ သေချာစေရေး ဥပဒေတွေကို ပြန်သုံးသပ်သင့်ပြီလို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ဒေသန္တရ လူ့အဖွဲ့အစည်း အဆင်သင့်ဖြစ်ရေး ပိုပြီးရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတကာ ကျန်းမာရေး စည်းမျဉ်းတွေကို ပြန်သုံးသပ်တာတွေ၊ သဘောတူညီချက်အသစ်တွေ လာမယ့်နှစ်မှာ ကျင့်သုံးသွားသင့်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတွေဟာ ပြည်တွင်းကျန်းမာရေးဆိုင်ရာ ဘဏ္ဍာရေးအသုံးစရိတ်ကို စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၁ ရာခိုင်နှုန်းအထိ ပိုတိုးသင့်တယ်၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို တနှစ် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံထက်မနည်း သုံးဖို့လည်း ထောက်ခံတင်ပြထားပါတယ်။ ဒါဟာ လုပ်ရမယ့် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုလို့လည်း IFRC အတွင်းရေးမှူးချုပ်က ပြောပါတယ်။

3 mins Ago
Up