ဝက်စ်ဟမ်းအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး မာတင်ပီတာဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
ပီတာဟာ ၁၉၆၆ ကမ္ဘာ့ဖလားဆုရှင် အင်္ဂလန်အသင်းမှာ ပါဝင်ကစားခဲ့သူ ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်း မနက် ၄ နာရီ အိပ်ပျော်နေစဉ်မှာပင် ကွယ်လွန်သွားခဲ့ပြီလို့ သူ့မိသားစုက ထုတ်ပြန်ပါတယ်။
ပီတာဟာ ဝက်စ်ဟမ်းအသင်းမှာ ၁၁ နှစ်ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အရှေ့လန်ဒန်ကလပ်ကို ၁၉၆၅ ခုနှစ် ဥရောပဖလား ချန်ပီယံဆု ရရှိရေးအတွက်လည်း ပါဝင်ကူညီနိုင်ခဲ့ပါတယ်။
ချန်ပီယံဆုကို သိမ်းပိုက်အပြီး နောက်တနှစ်အကြာမှာ ပီတာဟာ ကမ္ဘာ့ဖလားဆုရှင် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရခဲ့ကာ အနောက်ဂျာမနီကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဝင်ဘာလေ ဗိုလ်လုပွဲမှာလည်း ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ပီတာဟာ ၁၉၆၆ ခုနှစ်ကစလို့ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ စတင်ရွေးချယ်ခံခဲ့ရကာ နိုင်ငံအသင်းအတွက် ၆၇ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်မှာ ပီတာဟာ ဝက်စ်ဟမ်းအသင်းကနေ မြို့ခံပြိုင်ဘက် စပါးအသင်းကို အဲဒီတုန်းက စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၀၀,၀၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး စပါးအသင်းမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရှာဖွေနိုင်ခဲ့ပါတယ်။
ပီတာဟာ စပါးအသင်းနဲ့အတူ ၁၉၇၁၊ ၇၃ ခုနှစ်တွေမှာ လိဂ်ဖလားကို ရရှိခဲ့ပြီး အင်္ဂလိပ်-အီတလီ ဖလားကို ၁၉၇၁ ခုနှစ်၊ ယူအီးအက်ဖ်အေ ဖလားကို ၁၉၇၂ ခုနှစ်တို့မှာ ဆွတ်ခူးခဲ့ပြန်ပါတယ်။
ပီတာဟာ စပါးအသင်းမှာ ငါးရာသီကြာ ကစားခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီတုန်းက ဒုတိယတန်းကလပ်တခု ဖြစ်တဲ့ နော့ဝှစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။
နော့ဝှစ်အသင်းနဲ့ ပထမရာသီမှာတင် သူဟာ အသင်းကို တန်းတက်ခွင့်ရအောင် ပါဝင် ကူညီပေးနိုင်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာတော့ ရှက်ဖီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
ပီတာဟာ အဲဒီနောက်မှာ ရှက်ဖီးအသင်းရဲ့ ကစားသမား နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ ပီတာ သေဆုံးမှုအတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကလည်း သူတို့ တွစ်တာစာမျက်နှာကနေ ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
3 years Ago