ရဝမ်ဒါနိုင်ငံ၊ ကီလီဂါမြို့တော်မှာ မတ်လ ၁၆ ရက်က ကျင်းပတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၇၃ နှစ်မြောက်ညီလာခံမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် မစ္စတာ ဂီယာနီ အင်ဖန်တီနို ပြန်လည်ရွေးကောက်ခံခဲ့ရပြီး လာမယ့်လေးနှစ်တာသက်တမ်းမှာ ဖီဖာရဲ့ဝင်ငွေကို ကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရောက်ရှိလာဖို့ ကတိပြုခဲ့ပါတယ်။
ကာတာကမ္ဘာ့ဖလားမတိုင်ခင် ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဆက်ဆံမှုတွေနဲ့ အငြင်းပွားစရာ အနည်းငယ်ရှိခဲ့ပေမဲ့ ကမ္ဘာ့ဖလားကို ၂ နှစ်တကြိမ် ကျင်းပရေးဆိုတဲ့ မအောင်မြင်တဲ့ အစီအစဉ်နဲ့ မစ္စတာ အင်ဖန်တီနိုက စိန်ခေါ်သူမရှိ ဖီဖာဥက္ကဋ္ဌရာထူးကို ပြန်လည်ရရှိခဲ့ပါတယ်။
ဖီဖာမှာ သူကိုင်တွယ်ခဲ့တဲ့ လေးနှစ်တာအတွင်း ဖီဖာရဲ့ဝင်ငွေက ကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့ပြီးတော့ သူကိုင်တွယ်ခဲ့စဥ်က အရန်ငွေကြေး ၁ ဘီလီယံသာ ရှိခဲ့ပေမဲ့ အခုချိန်မှာ ၄ ဘီလီယံအထိ ရှိလာခဲ့ပြီဖြစ်တဲ့အတွက် သူက ဝမ်းမြောက်ကြောင်း ပြောပါတယ်။
တကမ္ဘာလုံးမှာရှိတဲ့ သူ့ကိုကြိုက်တဲ့သူတွေကိုရော မကြိုက်တဲ့သူတွေကိုရော ဘောလုံးပရိသတ်အားလုံးကို သူချစ်ခင်နေတယ်လို့ ဥက္ကဋ္ဌ အင်ဖန်တီနိုက ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်းပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ယူကရိန်းနိုင်ငံအပေါ် ရုရှားက စစ်ပွဲဆင်နွှဲနေချိန်မှာ နှုတ်ဆိတ်နေတဲ့ ရုရှားအသင်းခေါင်းဆောင်နဲ့ အသင်းဖော်တွေကို ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုက ဝေဖန်ပါတယ်။
ဥရောပက ဘောလုံးလိဂ်ပွဲစဉ်တွေမှာ ပရိသတ်တွေနဲ့ ကစားသမားတွေက ယူကရိန်းနိုင်ငံဘက်က ရပ်တည်ပြီး အားပေးခဲ့ကြတာပါ။
ဒါပေမယ့် ရုရှားဘောလုံးအသင်းခေါင်းဆောင် ဒီဇူဘာနဲ့ ရုရှားကစားသမား အများစုက နှုတ်ဆိတ်နေတဲ့အပေါ် အဲဗာတန်အသင်းမှာ ကစားနေတဲ့ ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုက အင်စတာဂရမ်ကနေ အပြင်းအထန် ဝေဖန်ခဲ့တာပါ။
“ယူကရိန်းက အပြစ်မဲ့ပြည်သူတွေ သေဆုံးနေရတဲ့အပေါ်မှာ ရုရှားအသင်းခေါင်းဆောင်နဲ့ အသင်းဖော်တွေအားလုံးက ခုချိန်ထိ နှုတ်ဆိတ်နေကြဆဲပါပဲ။ ခင်ဗျားတို့ရဲ့ တဘဝလုံးနဲ့အတူ ပိုအရေးကြီးတဲ့ သား၊ သမီးတွေရဲ့ ဘဝတလျှောက်လုံးကို မြေအောက်အကျဉ်းထောင်ထဲမှာ သော့ခတ်ခံရလိမ့်မယ်။ အဲဒီလိုဆိုရင် ငါဝမ်းသာကျေနပ်မိမှာပဲ” လို့ မိုင်ကိုလန်ကိုက အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။
ရုရှားလက်ရွေးစင် ဘောလုံးသမားတွေထဲမှာ ဒိုင်နမိုမော်စကိုမှာ ကစားနေတဲ့ တိုက်စစ်မှူး စမိုလော့ဗ်ကတော့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ ရုရှားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပြီး ကလပ်အသင်းတွေကိုလည်း ဥရောပပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။