ကုလသမဂ္ဂရာသီဥတုညီလာခံကိုတက်ဖို့ ဘီးတပ်ကုလားထိုင်နဲ့ သွားလို့ရအောင် စီစဉ်မထားတဲ့ အတွက် မကျေနပ်ကြောင်း ပြောခဲ့တဲ့ အစ္စရေးစွမ်းအင်ဝန်ကြီး ကရင်းအယ်လ်ဟာရာကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၂ ရက်မှာ တောင်းပန်ခဲ့ပါတယ်။
ဘီးတပ်ကုလားထိုင်နဲ့ သွားလို့ရအောင် စီစဉ်တာ နောက်ကျခဲ့လို့ အယ်လ်ဟာရာဟာ ညီလာခံကို အင်္ဂါနေ့မှာမှ ရောက်လာခဲ့ပါတယ်။
ကြွက်သားတွေ တဖြည်းဖြည်း ကျုံလှီလာတဲ့ နာတာရှည် ရောဂါကို ခံစားနေရတဲ့ အယ်လ်ဟာရာနဲ့ အတူ အစ္စရေးဝန်ကြီးချုပ်က ညီလာခံကို တက်ရောက်ခဲ့ပါတယ်။
“မနေ့က အစီအစဉ်တွေနဲ့ ပတ်သက်လို့ စိတ်ရှုပ်ထွေးစရာတချို့ ရှိခဲ့တယ်လို့ သိရတယ်။ အဲဒီအတွက် အင်မတန့် အင်မတန် ဝမ်းနည်းပါတယ်”လို့ ဂျွန်ဆင်က ပြောပါတယ်။
အစ္စရေးဟာ အယ်လ်ဟာရာရဲ့ အထူးလိုအပ်ချက်ကို ကြိုတင်အသိပေးမထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဗြိတိန် သဘာဝပတ်ဝန်းကျင်ဝန်ကြီးက ဘီဘီစီ သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဗြိတိန်ဆိုင်ရာ အစ္စရေး သံရုံးပြောခွင့်ရကတော့ လူတိုင်းနဲ့ ဆိုင်တဲ့ လိုအပ်ချက် အသေးစိတ် အားလုံးကို အရင် သီတင်းပတ် အတော်များများမှာကတည်းက ဆက်သွယ်လုပ်ဆောင် ထားပြီးသား လို့ ပြောပါတယ်။
ညီလာခံ စီစဉ်သူတွေကတော့ သူတို့ အမှားအတွက် တွစ်တာလူမှုကွန်ယက်ပေါ်ကနေ အင်္ဂါနေ့က တောင်းပန်ခဲ့ပြီး အယ်လ်ဟာရာ ညီလာခံတက်တာ မြင်ရလို့ ဝမ်းမြောက်ကျေနပ်ရတယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကြီး Greenpeace ရဲ့ သက်တံ့သူရဲကောင်း သင်္ဘောဟာ ရာသီဥတု ညီလာခံ COP26 ကျင်းပနေတဲ့ စကော့တလန်နိုင်ငံ ဂလပ်စ်ဂေါမြို့ဆီကို ရာသီဥတုဆိုင်ရာ လူငယ်တက်ကြွလှုပ်ရှားသူတွေနဲ့ အတူ နိုဝင်ဘာ ၁ ရက်က ရွက်လွှင့်ခဲ့ပါတယ်။
သင်္ဘောဟာ ကလိုက်ဒ်မြစ်အတိုင်း ဆန်တက်လာပြီး ညီလာခံ ကျင်းပရာ စကော့တစ်ရှ် ပြပွဲ ပရဝဏ် အပြင်ဘက်မှာ မနေ့က ကျောက်ချ ရပ်နားခဲ့တာပါ။
သင်္ဘောပေါ်မှာ ယူဂန်ဒါ၊ နမီးဘီးယား၊ ဘင်္ဂလားဒေ့ရှ်နဲ့ မက္ကစီကို နိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး လှုပ်ရှားတဲ့ Fridays for Future အဖွဲ့ဝင် လေးယောက် ပါပါတယ်။
သူတို့ဟာ ဂလပ်စဂေါမှာ လက်ရှိ ဆွေးနွေးနေတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ရာသီဥတု ထိန်းသိမ်းရာမှာ ပျက်ကွက်နေတာ ရပ်တန့်ရေး သတင်းစကား ပေးပို့မှာလည်း ဖြစ်ပါတယ်။
ရာသီဥတုဒဏ်ကို အခံရဆုံး လူတွေမပါဘဲ ညှိုနှိုင်းဆွေးနွေးလို့ မရနိုင်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဖှာဇာနာ ဖှာရွတ် ဂျူမူက ပြောပါတယ်။
တကယ်လို့ သူတို့ကို ဒီလို ဆက်လုပ်ခွင့် ပေးနေရင် COP26 ဟာ လူချမ်းသာတွေရဲ့ စကားဝိုင်း ဖြစ်သွားလိမ့်မယ်လို့ မက္ကဆီကိုနိုင်ငံက မာရီယာ ယေးရက်စ်က ပြောပါတယ်။
“သူတို့ အရင်နှစ်တွေက လုပ်နေခဲ့ တာတွေက အလုပ်မဖြစ်ဘူးဆိုတာ ရှင်းနေတယ်။ ဒါကြောင့် သူတို့ တခြား တခုခုကို လုပ်ဖို့ ကြိုးစားသင့်ပြီ” လို့ နမီးဘီးယားနိုင်ငံက ဂျကာပီတာ ကန်ဒါန်ဂါက ပြောပါတယ်။
Greenpeace အဖွဲ့ရဲ့ ရည်ရွယ်ချက်က တက်ကြွလှုပ်ရှားသူတွေရဲ့ အသံကို ညီလာခံမှာ ကမ္ဘာ့ ခေါင်းဆောင်တွေ ကြားအောင် လုပ်ဖို့လို့ ဂရင်းပိစ်ရဲ့ ပြောခွင့်ရ အာရီယာနာ ဒန်ရှမ်က ပြောပါတယ်။