အမေရိကန်ဘဏ် ၂ ခု ဆက်တိုက်ပြိုလဲမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သည်တွေအကြား စိုးရိမ်မှုမြင့်တက်လာချိန်မှာပဲ မတ်လ ၁၅ ရက်နေ့က ရေနံဈေးနှုန်း သိသိသာသာ ကျဆင်းသွားပါတယ်။
West Texas Intermediate (WTI) စံနှုန်းအရ နယူးယောက် ကုန်စည်ဖလှယ်မှုအတွင်း လာမယ့် ဧပြီလအတွက် ရေနံတင်ပို့မှုဟာ ၃ ဒသမ ၇၂ ဒေါ်လာအထိ ဈေးနှုန်းကျဆင်းသွားပြီး ရေနံတစည်ကို ၆၇ ဒသမ ၆၁ ဒေါ်လာဈေးနှုန်းမှာ ငြိမ်သက်နေပါတယ်။ ဒီနှုန်းထားဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းအဖြစ် ကျဆင်းသွားတာပါ။
Brent Crude စံနှုန်းအရ လန်ဒန် ကုန်စည်ဖလှယ်မှုဆိုင်ရာ ICE Futures ဈေးကွက်အတွင်း လာမယ့်မေလအတွက် ရေနံတင်ပို့မှုမှာလည်း ၃ ဒသမ ၇၆ ဒေါ်လာအထိ ဈေးနှုန်း ကျဆင်းသွားပြီး ရေနံတစည်ကို ၇၃ ဒသမ ၆၉ ဒေါ်လာနီးပါး ပေါက်ဈေးရှိပါတယ်။
အမေရိကန်ရဲ့ ၁၆ ခုမြောက် အကြီးမားဆုံးဘဏ်ဖြစ်တဲ့ ဆီလီကွန်ဗယ်လီဘဏ် (SVB) ဟာ ကြွေးပြန်မဆပ်နိုင်တော့လို့ ပြီးခဲ့တဲ့ သောကြာနေ့မှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပိတ်သိမ်းခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း ကာလအတွင်း Washington Mutual Bank ပိတ်သိမ်းခဲ့ရပြီးနောက် SVB ဘဏ် ပြိုလဲမှုဟာ အမေရိကန်သမိုင်းတလျှောက် ဒုတိယအကြီးမားဆုံး ပိတ်သိမ်းခဲ့ရတဲ့ဘဏ် ဖြစ်လာပါတယ်။
တဆက်တည်းမှာပဲ SVB ဘဏ် ကျဆုံးမှုအပြီး ရက်ပိုင်းအကြာမှာပဲ အမေရိကန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နယူးယောက်အခြေစိုက် Signature ဘဏ်ကို ပြီးခဲ့တဲ့ သောကြာနေ့မှာ ပိတ်သိမ်းခဲ့ရပြီး အပ်ငွေဘီလံယံပေါင်းများစွာကတော့ သောင်တင်နေခဲ့ပါတယ်။