close

ကမ္ဘာ့ရွှေစျေး

close

July 14, 2022

မြန်မာပြည်တွင်း ရွှေစျေးတက်

ရွှေအထွက်နည်းလာနဲ့ ထုတ်လုပ်မှုစရိတ်တက်လာတဲ့ အကြောင်းရင်းတွေကြောင့် မြန်မာပြည်တွင်းရွှေဈေးတက်နေတယ်လို့ ရွှေဝယ်ရောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဒီကနေ့ ဇူလိုင် ၁၄ ရက် နေ့လယ် ၁၂ နာရီ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၃၃ ရှိပြီး ပြည်တွင်းရွှေဈေး (အကယ်ဒမီ) က တကျပ်သားကို ၂,၀၅၀,၀၀၀ ကျပ် ရှိပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်းအပေါ် ပြည်တွင်းမှာ အရောင်းအဝယ်ဖြစ်နေတဲ့ အမေရိကန် ၁ ဒေါ်လာကို ၂,၁၉၀ ကျပ်နှုန်းနဲ့ အခြေခံပြီး ပြည်တွင်းရွှေဈေး (အကယ်ဒမီ) ကို တွက်ချက်ပါက တကျပ်သားကို ၂,၀၂၄,၀၀၀ စွန်းစွန်းသာ ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေး (အကယ်ဒမီ)က ကမ္ဘာ့ရွှေဈေးထက် ဈေးမြင့်နေတာ တွေ့ရပါတယ်။

ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးထက် ဈေးမြင့်နေရတဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ရွှေလုပ်ငန်းရှင်တယောက်က “ထုတ်လုပ်မှုစရိတ်ဆိုတာက တူးဖော်ရေးမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေအတွက် စက်သုံးဆီက အရင်တုန်းကတော့ ၅ ဂါလန် တပုံးမှ ၁၀,၀၀၀ ကျော်ပဲ ရှိတာလေ။ အခုက ၅၀,၀၀၀ ကျော် ဖြစ်သွားပြီ။ သယ်ယူစရိတ်တွေကလည်း ရှိသေးတယ်။ ပြီးတော့ ဒီရာသီမှာ ပြည်တွင်းရွှေက အထွက်နည်းသွားပြီ။ ရွှေမိုင်းတွေက အရင်လို တူးလို့ မရဘူး။ ဘာလို့လဲဆို တွင်းတွေဘာတွေ ပြိုတာရှိလို့လေ။ နောက်တခုက အဖမ်းအဆီးတွေ များလာတော့ လိုင်းသမားတွေက ဘယ်သူမှ မသွင်းကြတော့ဘူး။ အဲဒီအချက်တွေကြောင့် ပြည်တွင်းရွှေဈေးက မကျဘူးဖြစ်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း ပြည်တွင်းရွှေရောင်းဝယ်ရေးဈေးကွက်ထဲမှာ ရွှေအဝင် နည်းပေမဲ့ ဝယ်လိုအားက ရှိနေတာကြောင့် ရွှေဈေးက ကျလာဖို့မရှိပါဘူး။

လုပ်သက်ရင့် ရွှေဝယ်ရောင်းသမားတယောက်ကလည်း “ဒီမှာက ဘာဖြစ်လာလဲဆိုရင် ဝယ်လိုအားက များနေပြီး ရောင်းလိုအားက နည်းနေတယ်။ အဲ့ဒီ့အတွက်ကြောင့် ရွှေဈေးက မကျနိုင်ဘူး။ အဓိကကတော့ အဲ့ဒါပဲ။ ရောင်းလိုအားများရတဲ့ အကြောင်းရင်းက ဘာလဲဆို ပြည်တွင်းမှာ ရွှေအဝင်က နည်းသွားလို့။ အရင်ကတော့ တရုတ်နဲ့ ယိုးဒယားဘက်က ရွှေတွေကို ကုန်သည်တွေက မသိမသာ သွင်းကြတာမျိုးရှိတယ်။ အခုက အဖမ်းအဆီးတွေရှိတော့ မသွင်းကြဘူး။ အန်ကယ့်အတွေ့အကြုံအရပေါ့၊ နှစ်စဉ် ၈ လပိုင်း၊ ၉ လပိုင်းတွေမှာဆိုရင် ပြည်တွင်းရွှေဈေးက အကျမရှိဘူး၊ အတက်ပဲရှိတယ်။ အကြောင်းတခုမဟုတ် တခုနဲ့ တက်နေတာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာ့ရွှေဈေးက အကျရှိလာပေမဲ့ ပြည်တွင်းရွှေဈေး (အကယ်ဒမီ) က အကျမရှိတာ တွေ့ရပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ပြီးခဲ့တဲ့ရက်သတ္တပတ် ဇူလိုင် ၇ ရက် နေ့လယ် ၁၂ နာရီ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၄၅ ရှိခဲ့ပြီး ပြည်တွင်းရွှေဈေး (အကယ်ဒမီ) က ၂,၀၄၇,၀၀၀ ကျပ် ရှိခဲ့ပါတယ်။

58 mins Ago

June 18, 2021

ကမ္ဘာ့ရွှေ စျေးကျဆင်းသဖြင့် ပြည်တွင်းရွှေစျေးအနည်းငယ်ပြန်ကျ

ကမ္ဘာရွှေစျေး သီတင်းပတ်တစ်ပတ်အတွင်း တစ်အောင်စကို ဒေါ်လာ ၁၀၀ ကျော်ကျဆင်းခဲ့ပြီး မြန်မာရွှေစျေးလည်း တစ်ကျပ်သားကို ကျပ် ၃၀၀၀၀ ဝန်းကျင်စျေးပြန်ကျဆင်းခဲ့ပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေးအပြောင်းအလဲကြောင့် အဆမတန်မြင့်တက်သွားခဲ့တဲ့ မြန်မာရွှေဈေးဟာ စံချိန် တင်ဈေး ကျပ် ၁၇သိန်းကျော်ထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်ကဈေးကွက်အတွင်း ဒေါ်လာတွေ ပမာဏများများ မကြာခဏဝင်ရောက်ရောင်းချတာတွေ ပြုလုပ်ခဲ့ပြီးပါတယ်။ အဲဒီနောက်ဇွန်လအတွင်းမှာ မြန်မာ့ရွှေဈေးက ကျပ် ၁၅ သိန်း ၆ သောင်းကျော်၊ ၇ သောင်း ဝန်းကျင်မှာ ဈေးငြိမ်နေခဲ့ပါတယ်။

အခုအခါမှာ ကမ္ဘာ့ရွှေစျေးကျဆင်းလာတာကြောင့် မြန်မာ့ရွှေစျေးလည်း လိုက်ပါကျဆင်းခဲ့ပေမဲ့ ပုံမှန် ထက်စျေးအကျနည်းတယ်လို့ စျေးကွက်အတွင်း ဝေဖန်သုံးသပ်မူတွေလည်းရှိနေပါတယ်။ 

ရွှေစျေးထပ်မံကျဆင်းဖို့က  လမ်းပန်းဆက်သွယ်ရေး အခြေအနေအပေါ်မှုတည်နေပြီး၊ လက်ရှိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာအတားအဆီး၊ အစစ်အဆေးများတာကြောင့် ရန်ကုန်ကို ရွှေကုန်ကြမ်း အဝင်နှောင့်နှေးနေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

မြန်မာ့ရွှေစျေးနှုန်းက ကမ္ဘာ့ရွှေစျေးနဲ့ ပြည်တွင်းဒေါ်လာငွေလဲနှုန်း ၊ ဝယ်လိုအား၊ ရောင်းလိုအားတို့အပေါ်မူတည်ပြီး  အတက်အကျဖြစ်ပေါ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ကမ္ဘာ့ရွှေစျေး  တစ်အောင်စက ဒေါ်လာ၁၉၀၀၊ မြန်မာ့ရွှေစျေးကတစ်ကျပ်သားကို ကျပ်၁၅သိန်းရသောင်းကျော်  စျေးရှိခဲ့ပါတယ်။

အခုဇွန် ၁၈ရက်နေ့ နေလယ်ပိုင်းအချိန်မှာတော့ ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ၁၇၉၂ ဒေါ်လာ၊ မြန်မာ့ရွှေစျေးက ကျပ်၁၅သိန်း၄သောင်း၅ထောင် စျေးမှာရောက်ရှိနေပါတယ်။

1 year Ago
Up