close

ကမ္ဘာ့သတင်း

close

April 12, 2022

ကမ္ဘာ့သတင်းခေါင်းစဉ်တွေထဲက ယူကရိန်းစစ်ပွဲ စုစည်းတင်ပြချက်

ရုရှားစစ်တပ်ဟာ ယူကရိန်းအရပ်သား ၁ သောင်းကျော် ၂ သောင်းကျော်လောက်အထိ သတ်ဖြတ်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံ အရှေ့တောင်ဘက်ပိုင်းက ရုရှားစစ်တပ်ထိုးစစ်နဲ့ ရုရှား ထိန်းချုပ်မှု အောက်ရောက်ခဲ့ရတဲ့ မာရီယူပိုလ်ရဲ့ မြို့တော်ဝန် Vadym Boychenko ဗာဒင်မ် ဘွိုင်ချန်ကိုက ပြောပါတယ်။ 

မာရီယူပိုလ်မြို့သား ၁ သိန်း ၂ သောင်းလောက်ဟာ အစာရေစာ၊ အနွေးဓာတ်၊ ဆက်သွယ်ရေး အခက်အခဲတွေကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။ 

ရုရှားစစ်တပ်ဟာ မာရီယူပိုးလ်မြို့မှာ ဓာတုလက်နက်တွေ ကြဲချတိုက်ခိုက်နိုင်တဲ့ ဒရုန်းယာဉ်ပျံတွေ အသုံးပြုပြီး အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က စွပ်စွဲလိုက်ပါတယ်။ အဲဒီလက်နက်ကြောင့် အရပ်သားတွေဟာ အသက်ရှူကြပ်ပြီး အာရုံကြောတွေ ထိခိုက်တဲ့ ရောဂါလက္ခဏာ vestibulo-atactic syndrome တွေ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းဒေသဟာ ရုရှားထိုးစစ်ကို အပြင်းအထန် ရင်ဆိုင်ရဖို့ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာ ဇေလန်းစကီးက သတိပေးလိုက်ပါတယ်။ 

ရုရှားစစ်တပ်တွေ သိန်းနဲ့ချီပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်း ဒေသခံ ပြည်သူတွေဟာလည်း ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်မူကို ရှောင်တိမ်းနိုင်ဖို့ အပူတပြင်း ကြိုးစားနေကြပါတယ်။  

Russia-Ukraine war live updates: Zelenskyy warns of new offensive in the  east

Maxar လို့ခေါ်တဲ့ ဂြိုဟ်တုရုပ်ပုံ ကုမ္ပဏီရဲ့ ဧပြ ၈ ရက်နေ့က ဓာတ်ပုံမှာ တွေ့ရှိချက်အရ (၁၃ ကီလိုမီတာ) ၈ မိုင်လောက်ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်းဟာ ဒွန်ဘတ်စ်ဒေသကို ဉီးတည်ရွေ့လျားနေတာကို တွေ့ရပါတယ်။ ချီတက်နေတဲ့ ရုရှားစစ်ယာဉ်တန်းထဲမှာ သံချပ်ကာယာဉ်တွေ စစ်လက်နက်ပစ္စည်း သယ်ဆောင်တဲ့ ထရပ်ကားတွေ ပါဝင်နေပါတယ်။ 

ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ဘက် ပင်လယ်နက်ကမ်းခြေမြို့ မာရီယူပိုလ်မှာ ရုရှားစစ်တပ်တွေဟာ white phosphorus လို့ခေါ်တဲ့ မီးစုန်းဓာတ်သတ္တိပါတဲ့ လက်နက်တွေ အသုံးပြုနိုင်ခြေရှိတယ်လို့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး ယူကေ ကာကွယ်ရေးဌာနက ကြေညာပါတယ်။ ညဘက်တွေမှာ ပစ်မှတ်မြင်ရဖို့ မီးရှူးမီးပန်းတွေ တောက်လောင်စေပြီး လူကိုထိခိုက်ရင် အပြင်းအထန်လောင်ကျွမ်းခံရနိုင်တဲ့ အဲဒီလက်နက်ခဲယမ်းတွေကို ရုရှားစစ်တပ်ဟာ ဒွန်နက်စ်ခ်ဒေသမှာ အသုံးပြုခဲ့တဲ့ အထောက်အထားတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

သံတမန် အယောင်ဆောင်ထားတဲ့ ရုရှားထောက်လှမ်းရေး ၆ ယောက်ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးမယ်လို့ ပြင်သစ်အစိုးရက ကြေညာပါတယ်။ သူတို့ဟာ ပြင်သစ်နိုင်ငံ အကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့အတွက် “persona non grata” ကြိုဆိုလက်သင့်ခံဖွယ်မရှိသူများ အဖြစ် ကြေညာထားတယ်လို့ ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ ခရစ်ယာန်ဘုန်းကြီးတွေ၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မြို့တော်ဝန်တွေနဲ့ ယူကရိန်း အရပ်သားပေါင်းများစွာကို ဖမ်းဆီးပြီး ရုရှားပိုင်နက်ထဲမှာ ထောင်တွင်း အကျဉ်းချထားတယ်လို့ ယူကရိန်း ဒုဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။  

ရုရှားစစ်တပ်တွေဟာ ယူကရိန်းရဲ့ ဂျုံသိုလှောင်ရုံတွေကို ပစ်မှတ်ထား ဗုံးကြဲဖျက်ဆီးနေပြီး ရုရှားစစ်သင်္ဘောတွေကလည်း ဂျုံတင်ပို့မယ့် ကုန်တင်သင်္ဘောတွေကို ပိတ်ဆို့ထားတဲ့အတွက် ကမ္ဘာ့ဂျုံစျေးကွက် ပြတ်လပ်မှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ဥရောပသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ 

အရပ်သားတွေကို သတ်ဖြတ်မှုကြောင့် ဆီးရီးယား သားသတ်သမားလို့ နာမည်ကြီးတဲ့ ရုရှားဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး ဒီဗွန်နီကော့ဗ်ကို ယူကရိန်းနိုင်ငံထဲက ရုရှားစစ်ဆင်ရေးကို ဦးဆောင်ဖို့ ခန့်အပ်တာကြောင့် မော်စကိုရဲ့ ထိုးစစ်ဟာ ပိုပြီးရက်စက်ပြင်းထန်လာဖွယ်ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ယူကရိန်းစစ်ပွဲကို လပိုင်းအတွင်း အဆုံးသတ်နိုင်ဖို့ ပူတင်က ရည်ရွယ်နေပုံရတယ်လို့ အမေရိကန် အရာရှိတွေက သုံးသပ်ပါတယ်။ 

 

ယူကရိန်းနိုင်ငံကို ရုရှားစစ်တပ် ကျူးကျော်စစ်ဆင်မူကြောင့် ယူကရိန်းနိုင်ငံရဲ့ စီးပွားရေးဟာ ၄၅ ရာနှုန်းလောက်ထိ ကျုံ့ဝင်သွားနိုင်ပြီး ရုရှားနိုင်ငံဟာလည်း နိုင်ငံတကာ အရေးယူ ပိတ်ဆို့မူတွေကြောင့် သူ့ရဲ့စီးပွားရေး ၁၁ ရာနှုန်းထိ ကျုံ့ဝင်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်လိုက်ပါတယ်။ 

နိုင်ငံတကာ စစ်ဆန့်ကျင်သူတွေကြားမှာ ထင်ရှားတဲ့ Imagine သီချင်းရဲ့ ဖန်တီးရှင် The Beatles တေးဂီတအဖွဲ့ခေါင်းဆောင် ကွယ်လွန်သူ ဂျွန်လင်နွန်ရဲ့သား ဂျူလီယာလင်နွန်ဟာ ရုရှား ကျူးကျော်စစ်ကို ရင်ဆိုင်ရတဲ့ ယူကရိန်းနိုင်ငံကို ထောက်ခံအားပေးတဲ့အနေနဲ့ သူ့ဖခင်ရဲ့ Imagine သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါတယ်။

Image: Julian Lennon

 

ယူကရိန်းနိုင်ငံက စစ်ပွဲဟာ စိတ်ကူးကြည့်နိုင်လောက်စရာမရှိတဲ့ ကံဆိုးမိုးမှောင်ကျမှုပါပဲလို့ ဂျူလီယာလင်နွန်က သူ့ရဲ့ တွစ်တာမှာ ဝေဖန်ခဲ့ပါတယ်။ Imagne သီချင်းဟာ ကမ္ဘာကြီး ငြိမ်းချမ်းဖို့နဲ့ စည်းလုံးညီညွတ်ကြဖို့၊ စစ်ကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားတဲ့ စကားလုံးတွေနဲ့ ၁၉၇၁ လောက်ကတည်းက နိုင်ငံတကာမှာ ထင်ရှားခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ 

ယူကရိန်းနိုင်ငံကို EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံမအဖြစ် အတည်ပြုလက်ခံဖို့ လာမယ့် ရက်သတ္တပတ်တွေအတွင်း စဉ်းစားမယ်လို့  ဥရောပကော်မရှင်ဥက္ကဋ္ဌက ကြေညာပါတယ်။ 

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကတော့ အမေရိကန်နိုင်ငံက ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့နေတာဟာ အန္တရာယ်ကြီးတဲ့အလုပ်တခု ဖြစ်ပြီး ရုရှားနဲ့ အမေရိကန် ထိပ်တိုက်တွေ့တဲ့ထိ ဦးတည်သွားစေနိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ 

Russia taps war commander after troops regroup: April 10 recap

ယူကရိန်းနိုင်ငံက ရုရှားကျူးကျော်စစ်ကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၄ သန်းခွဲကျော်ရှိလာပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကြေညာပါတယ်။ 

ယူကရိန်းပြည်တွင်းမှာလည်း စစ်ပွဲကြောင့် လူဉီးရေ ၇ သန်းကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး နိုင်ငံခြားသား ၂ သိန်းကျော်လည်း ယူကရိန်းကနေ ထွက်ပြေးခဲ့ရတယ်လို့ IOM နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုအေဂျင်စီက ကြေညာထားပါတယ်။

ယူကရိန်း စစ်ဘေးရှောင် ပြည်သူတွေအရေးဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထုထည်အများဆုံး အစုလိုက်အပြုံလိုက် ဒုက္ခသည်ရွှေ့ပြောင်းမှုတခု ဖြစ်လာပါတယ်။

ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ NATO မြောက်အတ္တလန္တိတ် စစ်ရေးစာချုပ်အဖွဲ့ဝင်မယ်ဆိုရင် ဥရောပမှာ တည်ငြိမ်မှုမရှိနိုင်ဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ဟာ ရုရှားနိုင်ငံရဲ့ အနောက်ဘက် အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ပါဝင်တဲ့ NATO မဟာမိတ်အဖွဲ့ကို လာမယ့်လပိုင်း နွေရာသီကာလမှာ အဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

Dmitry Peskov speaking to reporters

ယူကရိန်းနိုင်ငံက စစ်ပွဲဟာ ကမ္ဘာကြီးမှာ အမေရိကန်ကြီးစိုးမူနဲ့ NATO မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ ချဲ့ထွင်လာမှုကို တားဆီးဖို့ကို ရည်ရွယ်တာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။  

ရုရှားသမ္မတပူတင်ကတော့ ယူကရိန်းနိုင်ငံ နာဇီဝါဒတိုက်ဖျက်ရေးနဲ့ ယူကရိန်းအရှေ့ပိုင်းက ရုရှားမျိုးနွယ်စုတွေကို မျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့ အထူးစစ်ဆင်ရေးလို့ ကြေညာခဲ့ပါတယ်။ 

Russian Foreign Minister Sergei Lavrov.

ယူကရိန်းစစ်သည်တွေရော ရုရှားစစ်တပ်ရော နှစ်ဘက်စလုံးဟာ ဆဲလ်ဖုန်းတွေနဲ့ ဆက်သွယ်ရေးကွန်ရက် အသုံးပြုပြီး တပ်တည်နေရာတွေကို ထောက်လှမ်းဖို့ အသုံးပြုနေကြပါတယ်။ 

စမတ်ဖုန်းတွေဟာ ယူကရိန်း စစ်မြေပြင်ရဲ့ အနိဋ္ဌာရုံတွေကို မှတ်တမ်းတင် အထောက်အထား စုဆောင်းနိုင်သလိုပဲ ဖုန်းခေါ်သည်ဖြစ်စေ၊ စာတိုမက်ဆေ့ချ်ပို့သည် ဖြစ်စေ၊ အိတ်ထဲမှာပဲ ထည့်ထားသည်ဖြစ်စေ အနီးစပ်ဆုံးဆက်သွယ်နေတဲ့ တာဝါတိုင်ကို ဖော်ပြနေပါတယ်။ 

ရုရှားစစ်တပ်တွေမှာ ထိုးဖောက်ဖမ်းယူမရနိုင်တဲ့ encrypted secure phone တွေ တပ်ဆင်ထားပေမယ့် ယူကရိန်းနိုင်ငံတွင်း စစ်မြေပြင်တွေမှာ အသုံးမပြုနိုင်တဲ့အတွက် ယူကရိန်း အရပ်သားတွေ သုံးစွဲတဲ့ သာမန်ဖုန်းလိုင်းတွေပဲ သုံးစွဲနေကြရပါတယ်။ 

ရုရှားစစ်တပ်ရဲ့ လုံခြုံရေးစစ်ဆင်ရေးအချက်အလက်တွေ အမေရိကန် ထောက်လှမ်းရေးတွေဆီကို ပေါက်ကြားခဲ့တဲ့အတွက် ရုရှားသမ္မတပူတင်ဟာ ရုရှားထောက်လှမ်းရေးအကြီးအကဲ ဆာဂျီ ဘီဆေးဒါး Sergei Beseda ကို လုံခြုံရေး အထူးကြပ်မတ်ထားတဲ့ အချုပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

လာမယ့် မေ ၉ ရက်နေ့ဟာ ရုရှားနိုင်ငံရေးမှာ အရေးကြီးတဲ့ တရားဝင်ရုံးပိတ်ရက်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်က နာဇီစစ်တပ်ကို တိုက်ခိုက်အောင်မြင်ခဲ့တဲ့ အထိမ်းအမှတ်နေ့ဖြစ်တဲ့အတွက် ယူကရိန်းစစ်ပွဲကို အဲဒီရက်မတိုင်ခင် အပြင်းအထန် တိုက်ခိုက်အဆုံးသတ်နိုင်ခြေရှိတယ်လို့ ရုရှား ပြည်တွင်းနိုင်ငံရေးနဲ့ ရုရှားစစ်ရေးကို လေ့လာအကဲခတ်သူတွေက ပြောပါတယ်။ 

ရုရှားအရှေ့ပိုင်းက ဒွန်ဘတ်စ်ဒေသကို အပြင်းအထန်တိုက်ခိုက်ပြီး စစ်ဆင်ရေးအောင်မြင်စွာ အဆုံးသတ်တဲ့အကြောင်း ဝါဒဖြန့်ကြေညာချက်ထုတ်လာနိုင်ခြေ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ 

ရုရှားနိုင်ငံရဲ့ ယူကရိန်းကျူးကျော်စစ်ကာလ ၁ လကျော်ကာလအတွင်း ပထမဆုံး မော်စကို ခရီးစဉ်သွားရောက်ပြီး သမ္မတပူတင်ကို တွေ့ဆုံခဲ့တဲ့ သြစတီးယားခေါင်းဆာင် ကားလ်နေဟမ်းမားက အကောင်းမြင်နိုင်မယ့် အရိပ်အယောင် မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။ သူဟာ သမ္မတပူတင်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး စစ်ရာဇဝတ်ကျူးလွန်သူတွေကို တရားစီရင်ရလိမ့်မယ်လို့ ပြောဆိုခဲ့ပြီး ယူကရိန်းစစ်ပွဲကို ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူကရိန်းတောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေက မိုင်ကိုလိဗ် ခါကစ်ဗ် Mykolaiv and Kharkiv regions ဒေသတွေမှာရှိတဲ့ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။​

သန်းဝင်းထွဋ်

1 min Ago
Up