စီရော်နယ်ဒိုကို ချစ်ခင်နှစ်သက်ပေမဲ့ မက်ဆီကသာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ရစ်ချတ်ဆန်က ပြောပါတယ်။
ရစ်ချတ်ဆန်ဟာ မန်ယူအသင်းမှာ ကစားစဉ်က ရော်နယ်ဒိုနဲ့ ပွဲ ၄၀ လောက် တွဲဖက် ကစားခဲ့ဖူးပါတယ်။
ရော်နယ်ဒိုရော မက်ဆီပါ သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေ ဖြစ်ပေမဲ့ အကောင်းဆုံးတဦးကို ရွေးချယ်ရမယ်ဆိုရင်တော့ မက်ဆီကိုပဲ ရွေးချယ်ရမှာဖြစ်ကြောင်း ရစ်ချတ်ဆန်က ပြောပါတယ်။
“ရော်နယ်ဒိုကို ချစ်ခင်နှစ်သက်သလို သူ့အကြောင်းကိုလည်း သိပြီး တွဲဖက်ကစားခဲ့ဖူးတာလည်း မှန်ပေမဲ့ မက်ဆီကိုပဲ ရွေးချယ်ရမှာပါ။ သူတို့နှစ်ဦးစလုံး ကွယ်လွန်သွားချိန်မှာတောင် ဘယ်သူအကောင်းဆုံးလဲ ဆိုတာက အမြဲတမ်း ပြောနေကြရမှာပါ။ ဒါပေမဲ့ မက်ဆီက ကမ္ဘာ့ဖလား ရသွားတဲ့အတွက် ဒါက အလွန်ကြီးမားတဲ့ အောင်မြင်မှု ဖြစ်သွားတယ်” လို့ ရစ်ချတ်ဆန်က ပြောပါတယ်။
လက်ရှိအချိန်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ရစ်ချတ်ဆန်ဟာ မန်ယူအသင်းကနေ ၂၀၀၇ ခုနှစ်မှာ ထွက်ခွာခဲ့ပြီး ဆန်းဒါးလန်း၊ ဖူလ်ဟမ်၊ ဗီလာနဲ့ ကာဒစ်အသင်းတွေမှာ ဆက်လက်ကစားခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ ငြင်းခုန်မှုတွေက ပြီးဆုံးသွားပြီလို့ အင်္ဂလန် ကစားသမားဟောင်းကာရေဂါက ပြောပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာမရှိတော့ကြောင်း ကရေဂါကပြောပါတယ်။
ကာရေဂါဟာ သမိုင်းတလျှောက်အကောင်းဆုံးကစားသမား ၅ ဦးကို တွစ်တာကန တဆင့်ရွေးချယ်ခဲ့ပြီး မက်ဆီကို နံပါတ် တစ်နေရာမှာထားခဲ့ပါတယ်။
အဲဒီနောက် မာရာဒိုနာ၊ ပီလီ၊ ရော်နယ်ဒိုကြီးနဲ့ ဇီဒန်းတို့ကို အစဉ်လိုက် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ခြေစွမ်းအပေါ် ရှဝိုင်းစတိုင်ဂါ၊ ဂယ်ရီလိုင်နီကာတို့ကချီးကျူးခဲ့ကြပြီး ဒက်ကလန်ရိုက်၊ အေဗရာဟမ်တို့ဟာလည်းဂုဏ်ပြုစကားဆိုခဲ့ပါတယ်။