close

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု

close

October 18, 2022

၂၀၂၂ ခုနှစ် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာရရှိ

၂၀၂၂ ခုနှစ် အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုတွေကို  အောက်တိုဘာ ၁၇ ရက်က ပဲရစ်မြို့မှာအခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်ရာမှာ ပြင်သစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာက ရရှိသွားပါတယ်။

ဘန်ဇီမာဟာ ၂၀၂၁-၂၀၂၂  ဘောလုံးရာသီမှာ ရီးရဲလ်အသင်းအတွက် ၄၆ ပွဲကစားပြီး ၄၄ ဂိုးသွင်းယူနိုင်ခဲ့ကာ ချန်ပီယံလိဂ် ဆုဖလားရော  စပိန်လာလီဂါချန်ပီယံဆုဖလားပါ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ 

ဒီဆုရရှိတဲ့အတွက်တကယ့်ကို ဂုဏ်ယူတဲ့အကြောင်း  ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာက ပြောကြားလိုက်ပါတယ်။ 

“ကျနော်ငယ်ငယ်လေးတုန်းက ဒီဆုဟာ ကလေးဘဝရဲ့ အိပ်မက်ဖြစ်ခဲ့ပြီး  ကျနော်ဘယ်တော့မှ အားမလျှော့ခဲ့ပါဘူး။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျနော်ရဲ့ ဘဝခရီး ဒီနေရာအထိရောက်လာတာ တကယ့်ကိုဂုဏ်ယူပါတယ်။ ဒါဟာ မလွယ်ကူခဲ့ပါဘူး။ ကျနော့်မိသားစုအတွက်လည်း ခက်ခဲတဲ့ အချိန်ဖြစ်ခဲ့တယ်။”လို့ ဘန်ဇီမာက ပြောပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဘန်ဇီမာက ဘိုင်ယန်မြူနစ်ကစားသမား မာနေးနဲ့ လီဝန်ဒေါစကီး၊ လီဗာပူးက ဆာလာ၊ မန်စီးတီးက ဒီဘရိုင်းနဲ့  ပီအက်စ်ဂျီက အမ်ဘာပေးတို့ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံရတာပါ။

အခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကိုတော့ မနှစ်ကဒီဆုရခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဘာစီလိုနာအမျိုးသမီးအသင်းခေါင်းဆောင်  အလီဇာပူတဲလ်လက်စ်ကပဲ ဒုတိယအကြိမ် ထပ်မံ ရရှိသွားပါတယ်။ 

အကောင်းဆုံး တိုက်စစ်မှူးဆုကိုလည်း  ပိုလန်နဲ့ ဘိုင်ယန်မြူနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ထပ်မံ ရရှိသွားပါတယ်။

အကောင်းဆုံးဂိုးသမားဆုကိုတော့  ရီးရဲလ်မက်ဒရစ်နဲ့  ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ဘာစီလိုနာအသင်းမှ  စပိန်လူငယ်ကစားသမား ဂါဗီက ရရှိပါတယ်။

ဘိုင်ယန်မြူနစ်နဲ့ ဆီနီဂေါကစားသမား မာနေကတော့ အခုနှစ်မှာ ပထမဆုံးပေးအပ်တဲ့ ဆိုကရေးတီးဆုကို ရရှိသွားပြီး ဒီနှစ်အတွက် ကမ္ဘာအကောင်းဆုံး  ကလပ်အသင်းဆုကို မန်စီးတီးအသင်းက ရရှိပါတယ်။

ဒီနှစ်မှာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀  စာရင်းမှာ မန်ယူနိုက်တက်တိုက်စစ်မှူး ဘလွန်းဒီအောဆု ၅ ကြိမ်ရထားဖူးတဲ့  စီရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး အယောက် ၂၀ မြောက်မှာ  ရွေးချယ်ခံရပါတယ်။ 

ဘလွန်းဒီအောဆုကို ၇ ကြိမ်အထိရရှိထားတဲ့ ပီအက်ဂျီ တိုက်စစ်မှူး မက်ဆီကတော့ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

ပြင်သစ်မဂ္ဂဇင်းက ကမကထလုပ်ပြီးပေးအပ်တဲ့ ဘလွန်းဒီအောဆုကို ကမ္ဘာ့တဝန်းက ဂျာနယ်လစ်  ၁၀၀ လောက်က  မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

Photo: Ballon d'Or

3 hours Ago

January 8, 2022

ဖီဖာကမ္ဘာ့အကောင်းဆုံးဆုအတွက် မက်ဆီ၊ လီဝန်ဒေါစကီးနှင့် ဆာလက်တို့ အပြိုင်လုရမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပေးအပ်ချီးမြှင့်မယ့် အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံး စကာတင် ၃ ဦး ထုတ်ပြန်ခဲ့ရာမှာ မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ ဆာလက်တို့ ပါဝင်လာ ပါတယ်။ 

သူတို့ ၃ ဦးထဲကနေ ဘယ်သူက အကောင်းဆုံးကစားသမားဆုရမလဲဆိုတာ နိုင်ငံ့လက်ရွေးစင် နည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေက မဲပေးရွေးချယ်ရ မှာဖြစ်ပါတယ်။ 

နောက်ဆုံး ၃ ဦးအဆင့်မှာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက ၂၀၀၇ ခုနှစ် နောက်ပိုင်း ဒုတိယအကြိမ် ပါဝင်ခဲ့ခြင်းမရှိခဲ့တာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းက ကစားသမားတွေနဲ့ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးက ကစားသမားတွေ ပါဝင်ခြင်းမရှိတာကတော့ ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးဆုကိုတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရ ရရှိခဲ့ပါတယ်။ 

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုမှာတော့ မက်ဆီက လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပါတယ်။ 

ဖီဖာရဲ့အကောင်းဆုံး ဆုတွေပေးအပ်ချီးမြှင့်ပွဲကိုတော့ လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

9 months Ago
Up