close

ကမ္ဘာ့အကြီးဆုံး ခရီးသွားဇုန်

close

December 9, 2022

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ခရီးသွားဇုန်ထဲ ခရိုအေးရှား ပါဝင်ခွင့်ရ

ရှန်ကန်နယ်မြေလို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ခရီးသွားဇုန်ထဲမှာ ခရိုအေးရှားနိုင်ငံလည်း ပါဝင်ဖို့ ဒီဇင်ဘာ ၈ ရက်က အတည်ပြုချက် ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းသွားလာနေထိုင်မှုတွေ တိုးပွားလာမှာကို စိုးရိမ်တဲ့ သြစတြီးယား ဦးဆောင်တဲ့ အတိုက်အခံတွေကြောင့် ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယားတို့ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

ဘရပ်ဆဲလ်မှာ အစုအဖွဲ့ရဲ့ ပြည်ထဲရေးဝန်ကြီးတွေ အကြိတ်အနယ် ဆွေးနွေးပြီးနောက်မှာတော့ ခရိုအေးရှားဟာ ၂၀၂၃ ခုနှစ်မှာ သူ့ရဲ့ ၂၇ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာမယ်လို့ ဥရောပသမဂ္ဂဆိုင်ရာ နိုင်ငံရဲ့ သံတမန်မစ်ရှင်က ပြောကြားခဲ့ပါတယ်။

လစ်ချန်စတိုင်းန်၊ အိုက်စ်လန်၊ နော်ဝေနဲ့ ဆွစ်ဇာလန်တို့နဲ့အတူ အီးယူနိုင်ငံပေါင်း ၂၂ နိုင်ငံမှ အဖွဲ့ဝင်အားလုံးဆီကနေ တညီတညွတ်တည်း ထောက်ခံမှု လိုအပ်ကြောင်းနဲ့ သူကတော့ ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယားတို့ကို သဘောတူမှာမဟုတ်ဘူးလို့ သြစတြီးယား ပြည်ထဲရေးဝန်ကြီး ဂယ်ရ်ဟာ့ဒ် ကာရ်နာက ဘရပ်ဆဲလ်မှာ ပြောကြားခဲ့ပါတယ်။

ဩစတြီးယားဟာ အခုနှစ်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁ သိန်းထိ စံချိန်တင်ခဲ့ပြီးတော့ တခြား ရှန်ကန်းနိုင်ငံတွေမှာ စာရင်းမကောက်ယူထားတဲ့ လူပေါင်း ၇၅,၀၀၀ အပါအဝင် ဖြစ်တယ်လို့ သူကပြောပါတယ်။

ဘူလ်ဂေးရီးယား ပြည်ထဲရေးဝန်ကြီး အိုင်ဗန် ဒီမာ့ဓ်ချိဗ်ကတော့ ဘူလ်ဂေးရီးယားဟာ သြစတြီးယားရဲ့ ပြည်တွင်းရေးပြဿနာတွေအတွက် တာဝန်မယူရသင့်ဘူးလို့ ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားပြီး အဖြေရှာဖို့ တွေ့ဆုံဆွေးနွေးရေးကတဆင့် အပြုသဘောလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲလို့လည်း ဆိုပါတယ်။

လူတသန်းကျော် အများစုဟာ မှောင်ခိုသမားတွေရဲ့လှေတွေနဲ့ မြေထဲပင်လယ်ကိုဖြတ်ပြီး ရောက်ရှိလာတဲ့ ၂၀၁၅ ခုနှစ်ကတည်းက ဥရောပမှာ လူဝင်မှုကြီးကြပ်ရေးပြဿနာဟာ အဆွေးနွေးရဆုံး ကိစ္စတခု ဖြစ်လာခဲ့ပြီး အီးယူဟာ သူ့ရဲ့နယ်နိမိတ်တွေနဲ့ ခိုလှုံခွင့်ဥပဒေတွေကို ပိုပြီးတင်းကျပ်လာခဲ့ပါတယ်။

6 hours Ago
Up