ဟောင်ကောင်မှာစာရင်းဝင်ပြီး ကမ္ဘောဒီးယားနိုင်ငံ အကြီးဆုံးလောင်းကစားရုံကနေ အလုပ်ဖြုတ်ခံရတဲ့အတွက် ဆန္ဒပြခဲ့တဲ့ အလုပ်သမား ၁၅ ယောက်ကို ကမ္ဘောဒီးယားရဲတွေက ဇန်နဝါရီ ၃ ရက်မှာ ဖမ်းလိုက်တယ်လို့ သမဂ္ဂခေါင်းဆောင်တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်း ၃၆၅ ယောက်ကို အလုပ်ပြန်ခန့်ဖို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်ပင်က နဂါးကော့ပ် လီမိတက်ရဲ့ ဟိုတယ်နဲ့ လောင်းကစားရုံ ရှေ့မှာ အရင်လတည်းက အလုပ်သမားထောင်ချီ ဆန္ဒပြနေခဲ့တာပါ။
ဒီသပိတ်ဟာ တရားမဝင်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ဘေးအတွင်း ကုန်ကျစရိတ် ထိရောက်စေဖို့ အားထုတ်တဲ့ အပြန်အလှန်အကျိုးပြုတဲ့ ခွဲခြားရေးစီမံချက်ကို အကောင်အထည် ဖော်ခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။
အလုပ်ဖြုတ်ခံ ဝန်ထမ်းတွေဟာ လျော်ကြေးငွေ သင့်တောင်အောင် မရကြဘူးလို့ သမဂ္ဂ ခေါင်းဆောင် ချင်းမ်စီသာက ပြောပါတယ်။
နှစ်သစ်ကူးနေ့မှာ လူ ၉ ယောက် အဖမ်းခံရပြီး လူမှုလုံခြုံရေး အပြင်းအထန် ပရမ်းပတာ ဖြစ်အောင် လှုံ့ဆော်မှုနဲ့ တရားစွဲခံရအပြီး ဇန်နဝါရီ ၃ ရက်နေ့က နောက်ထပ် ၁၅ ယောက် အဖမ်းခံရတာပါ။
ဒီဖြစ်ရပ်အတွက် မှတ်ချက်ပေးဖို့ ဖနွမ်ပင် ရဲတပ်ဖွဲ့ပြောခွင့်ရ စန်ဆုတ်ခ်ဆေဟာနဲ့ ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။
ဒါပေမယ့် အလုပ်သမားသပိတ်ဟာ တရားမဝင်ဘဲ ပြည်သူ့ ဘေးကင်းရေးနဲ့ စည်းမျဉ်းလိုက်နာမှုအပေါ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ စည်ပင်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
အဖမ်းအဆီးတွေ ရှိနေပေမယ့် အလုပ်သမား အယောက် ၃၀၀ လောက် ဇန်နဝါရီ ၃ ရက်အထိ ဆက်ပြီး ဆန္ဒပြနေဆဲပါ။ အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။