မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက ကမ္မမြို့လျှပ်စစ်မှူးနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ပခုက္ကူမြို့နယ် ကမ္မမြို့လျှပ်စစ်မှူးနဲ့ မြိုင်မြို့နယ် တွင်းမက ပျူ ၅ ယောက်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က ပခုက္ကူဂျင်ဝိုင်းကနေ ကံမမြို့ဘက်ကို အိမ်စီးကား ၂ စီးနဲ့ ပြန်လာတဲ့အချိန် ကျနော်တို့ရဲဘော်တွေက တားစီးစစ်ဆေးဖို့ လုပ်တဲ့အချိန်မှာ ကားနဲ့တိုက်ပြေးဖို့ လုပ်တာကြောင့် ပစ်ခတ်တိုက်ခိုက်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် သေဆုံးပြီး ကမ္မမြို့လျှပ်စစ်မှူးနဲ့ ပျူစောထီး ၂ ယောက် ဒဏ်ရာရရှိကာ ကားတစီးနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီလျှပ်စစ်မှူးက လောင်းကစားရှုံးရင် ပြည်သူတွေဆီက လျှပ်စစ်မီတာ အခွန်အခတွေကို ဆက်ကြေးပုံစံမျိုး အတင်းအဓမ္မ ကောက်ခံနေလို့ ပြည်သူတွေဆီကနေ သုတ်သင်ပေးဖို့ သတင်းပေးတဲ့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့တယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
ကျည်ထိမှန်သွားတဲ့ကားကတော့ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ပျူအလောင်း ၂ လောင်းနဲ့အတူ ကန်တော်ရွာနဲ့ ကမ္မကြားမှာရှိနေပြီး အဲဒီကားကို မွန်းလွဲ ၂ ရီလောက်မှာ လာယူတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ထွက်ပြေးသွားလို့ ကားက ဒီအတိုင်း ရှိနေသေးပြီး ကားဘေးကနေ လျှပ်စစ်မှူးရဲ့ လက်ကိုင်ဖုန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ ၃ - ဖီးနစ်အထူးပြောက်ကျား တပ်ဖွဲ့ကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ကနေ ညနေ ၃ နာရီခွဲအထိ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖီးနစ်အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီစစ်သားတွေကို မဟာမိတ်တွေနဲ့ စုဖွဲ့ထားတဲ့ Drone Team က နည်းပညာရှင်တွေ ဖန်တီးထားတဲ့ 1Kg အလေးချိန် သယ်ဆောင်နိုင်တဲ့ ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၆၂ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်။ အဲဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီအချိန်အတိုင်းတာထိ ကျနော်တို့မှာ လုပ်နိုင်တဲ့ အင်အားနဲ့ နည်းပညာတွေ ပေါင်းစပ်ပြီး မြေပြင်မှာ အကောင်းဆုံးလုပ်နိုင်တယ်ဆိုတာ ပြသတာ။”
ဒါ့အပြင် အဲဒီ မင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၃၁ ရက် ည ၁၀ နာရီကနေ ဖေဖော်ဝါရီ ၁ ရက် မနက် ၄ နာရီအထိ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ အလုံး ၄၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရဲစခန်းကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့မနက် ၈ နာရီလောက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေသိရပါတယ်။
တိုက်ခိုက်မှုအတွင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ အခြေအနေ မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူ ကိုအတီးက ပြောပါတယ်။
“ကျနော်တို့ ရဲစခန်းအရှေ့ကို သွားပစ်ခဲ့တာပါ။ ကြာချိန်ကတော့ နှစ်မိနစ်လောက်ပဲ၊ ရဲစခန်းရှေ့က ရဲနှစ်ယောက်ကတော့ နေရာတင်လဲသွားတာ မျက်မြင်တွေ့ခဲ့ရပါတယ်။”
ကမ္မမြို့ရဲစခန်းက ဒေသခံပြည်သူတွေကို ဖိနှိပ်ဆက်ကြေးကောက်တာတွေ လုပ်ဆောင်တယ်လို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် တခြားရဲ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်း စစ်ဆေးရေးဂိတ်ကိုလည်း ဒီဇင်ဘာ ၁၉ ရက် ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီးဖြုတ်ချပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။
မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “အဲဒီတိုက်ခိုက်မှုကို သခင်မြအဖွဲ့၊ PKU-Ranger တပ်ဖွဲ့တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်(...)တွေဘက်က ဂျန်ဘာ (ဆက်သွယ်မှုလိုင်းဖြတ်စက်) ဖွင့်ထားတယ်။ ကျနော်တို့ဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”
ပခုက္ကူမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ မြိုင် ပ.က.ဖ အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။