မကွေးတိုင်း ရေစကြိုမြို့နယ်က ကမ်ဘဲ့ကျေးရွာမှာ မတ် ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေပေါင်းပြီး နေအိမ်တွေကို မွှေနှောက်ကာ တဲတလုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးခဲ့သလို အိမ်ထဲမှာရှိတဲ့ ငွေကြေးတွေနဲ့ ပစ္စည်းတွေကို ခိုးယူသွားကာ တွေ့သမျှ ဆိုင်ကယ်တွေကိုလည်း ရိုက်ချိုးဖျက်ဆီးပြီး တဲတလုံးကို မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသမှာလည်း ဖေဖော်ဝါရီလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေကို ရေစကြို PDF တပ်ဖွဲ့က လုပ်အားပေး သန့်ရှင်းရေးပြုလုပ်ကာ ယာယီနေထိုင်နိုင်အောင် စီစဉ်ပေးနေတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရေစကြိုမြို့အဝင်မှာ မနေ့က စစ်ကောင်စီကားတစီးကို ရေစကြို PDF က မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ကြောင်း ရေစကြို PDF က မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။