close

ကမ်းပါးပြိုကျ

close

March 1, 2022

ဖားကန့်တွင် ကျောက်စိမ်းတောင် ကမ်းပါးပြိုကျပြီး လူ ၄၀ ခန့် မြေပိပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ မက်လင်ချောင်ကျေးရွာအနီးက ဒေသအခေါ် YTT ကျောက်စိမ်းတောင်ကမ်းပါးမှာ ဖေဖော်ဝါရီ ၂၈ ရက်ည ၁၀ နာရီခွဲလောက်က ကမ်းပါးပြိုကျခဲ့တာကြောင့် ကုမ္ပဏီဝန်ထမ်း အယောက် ၄၀ လောက်  မြေပိပျောက်ဆုံးနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။  

ကျောက်စိမ်းတောင်ကမ်းပါးပြိုကျတာကြောင့် တောင်အောက်မှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ရှမ်းရိုးမကုမ္ပဏီက ဘက်ဟိုးကား ၃ စီး၊ စက်ပျက်နေတဲ့ယာဉ် ၁ စီးနဲ့ ကုမ္ပဏီဝန်ထမ်း အယောက် ၄၀ ထက်မနည်း မြေပိပျောက်ဆုံးနေတယ်လို့  အခင်းဖြစ်ပွားရာမှာရှိနေတဲ့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။

“တောင်အောက်မှာက ဘက်ဟိုးသုံးစီးနဲ့ ကျောက်ရှာနေကြတာ။ ဘက်ဟိုးတစ်စီးကို ကျောက်ရှာတာ ၁၂  ယောက်နှုန်းရှာတာဆိုတော့ သုံးဆယ်ခြောက်ယောက်ပေါ့။ ပျက်နေတဲ့ကားလည်း ပြင်နေတဲ့ ဝပ်ရှော့အဖွဲ့က လေးငါးယောက်လောက်ရှိမယ်ဗျ၊ အားလုံးပေါင်း လေးဆယ်ကျော်လောက်ပါသွားမယ်ဗျ။” 

ကမ်းပါးပြိုကျခဲ့တဲ့ ကျောက်စိမ်းတောင်ဟာ ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်၊ နိုင်ငံတော်နဲ့ အကျိုးတူတူးဖော်တဲ့ ရတနာ တောင်တန်းကုမ္ပဏီက ၁၀ ဘီလီယံလောက်တန်ဖိုးရှိတဲ့ ကျောက်စိမ်းတုံးကြီးတွေ့ရှိခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

ရတနာတောင်တန်းကုမ္ပဏီဟာ  ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းတုံးကြီးတူးဖော်ရရှိခဲ့တာကြောင့် အဆိုပါတောင်ကုန်းကို YTT ကုန်းလို့ ဒေသခံတွေကခေါ်ကြပြီး၊ လက်ရှိတရားမဝင်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ ကအဓိက  ခွင့်ပြုထားပြီး ဘက်ဟိုးတစီးကို တလ ကျပ် သိန်း ၃၀  လစဉ်ကြေးသဘောမျိုး လုပ်ငန်ရှင်တွေက ပေးသွင်းရတယ်လို့ သိရှိရပါတယ်။   

မြေပြင်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်အားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဦးစီးလုပ်ကိုင်နေပြီး လုပ်ကွက်တွေကိုလည်း ကေအိုင်အေဆီမှာ တူးဖော်ခွင့် လျှောက်ရတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။    

ဖားကန့်ရတနာနယ်မြေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်ကျောက်စိမ်းတူးဖော် လုပ်ငန်းတွေ ပိုမိုများပြားလာပြီး မြေပြိုမှုတွေလည်း မကြာခဏ ဆိုသလိုဖြစ်ပေါ်နေပါတယ်။

14 mins Ago

September 30, 2021

ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျသဖြင့် နေအိမ်အချို့ရွေ့ပြောင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲမှာ စက်တင်ဘာ ၂၉ ရက်နေ့က မုန်းချောင်း ရေတိုက်စားပြီး ကမ်းပါးပြိုကျတာကြောင့် နေအိမ် ၈ လုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း မိုးကြီးပြီးတော့ မုန်းချောင်းရေမြင့်တက်လာကာ ကမ်းပါး ပြိုကျတာကြောင့် နှောကျင်းရွာက နေအိမ် တစ်လုံး၊ ဇီးကျွန်းရွာကနေအိမ် ၃ လုံးနဲ့ ကျောင်းစု ကျေးရွာကနေအိမ် ၄ လုံးတို့ကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံ တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကမ်းပြိုဘေးသင့် ပြည်သူ အယောက် ၃၀ ကျော်လောက်ကို နီးစပ်တဲ့ဆွေမျိုးတွေကနေ ကျွေးမွေး စောင့်ရှောက်ထားရပြီးတော့ အကူညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

5 months Ago
Up