တနင်္သာရီတိုင်း၊ မြိတ်မြို့ အမှတ် ၁ တံတားနားက ရေပြင်မှာ ဝါလတ်( ကမ်းဝေး ငါးဖမ်းလှေ)တစ်စီး စက်ခန်းထဲမှာ ဂက်စ်ပိုက်လိုင်းပေါက်ပြီး ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်းက မီးလောင်ခဲ့လို့ အမျိုးသား ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“လှေက ဂက်စ်ပိုက်လိုင်းပေါက်ပြီး စက်ခန်းထဲမှာ မီးထလောင်တာ။ အခုတော့ငြိမ်းပြီ။ လှေအရှေ့တစ်ခြမ်းတော့ မြုပ်သွားတယ်” မြိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
လတ်တလော ထိခိုက်ဒဏ်ရာရတဲ့သူတွေကို မြိတ်ဆေးရုံသို့ပို့ထားတယ်လို့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။
ဒေသခံနာရေးကူညီမှုအသင်းက “ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ ဆီသိုလှောင်ထားတာပေါက်သွားတယ်လို့ပြောတာပဲ။ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ တယောက်ကတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်”လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့လှေဟာ တော်ဝင်ဆောင်းကုမ္ပဏီနဲ့ နေလစတိုးတို့က ပိုင်ဆိုင်တဲ့ စက်လှေဖြစ်တယ်လို့လည်း ကနဦးသိရပါတယ်။
တနင်္သာရီတိုင်းထဲက ကမ်းဝေးငါးဖမ်းလှေတွေဟာ ပင်လယ်ပြင်စိုးမိုးရေး တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး တားမြစ်ကမ်းနီးရေပြင်မှာ ငါးဝင်ရောက်ဖမ်းဆီးနေသလို တရားမဝင် ငါးဖမ်းကိရိယာတွေ အသုံးပြုတာကြောင့် ရေအောက် သန္တာကျောက်တန်းတွေ ပျက်စီးဆုံးရှုံးနေသလို ဒေသခံ တပိုင်တနိုင် ငါးရှာဖွေနေသူတွေ အခက်ခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တနင်္သာရီတိုင်း ပင်လယ်ပြင်ထဲက ဒုံးပုလဲအော်၊ လင်းလွန်း၊ ပရောဝါး၊ ဒုံးဥယျာဉ်ကမ်း၊ ဒုံးရွေသန်း စတဲ့ကျေးရွာတွေနဲ့ အခြားဒုံးကျွန်းက ကျေးရွာအနီးတဝိုက်မှာ ကမ်းဝေးငါးဖမ်းလှေတွေအနေနဲ့ တရားမဝင်ငါးဖမ်းတာတွေ ပြုလုပ်နေကြတာပါ။
ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီ ရေတပ်တွေက တရားမဝင် ကမ်းဝေး ငါးဖမ်းသင်္ဘောတွေဆီကနေ ငွေကြေးနဲ့ စက်သုံးဆီတွေကို တောင်းခံနေပြီး တားမြစ်ထားတဲ့ ငါးဖမ်းကိရိယာတွေနဲ့ ဖမ်းဆီးနေတာတွေကို လျစ်လျုရှုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကမ်းဝေးငါးဖမ်း သင်္ဘောတွေအနေနဲ့ သင်္ဘောနာမည်တွေကို မမြင်ရအောင်ဖုံးအုပ်ပြီး ကမ်းနီးမှာ တရားမဝင်း ငါးဝင်ရောက်ဖမ်းနေသလို တားမြစ်ထားတဲ့ ငါးဖမ်းကိရိယာတွေအသုံးပြုပြီး ငါးဖမ်းဆီးနေမှုက တစ်နေ့ကို ၁၀ စီးမက တွေ့နေရတယ်လို့ ဒုံးကျွန်းအနီး နေထိုင်သူတဦးက ပြောပါတယ်။
ကမ်းနီးမှာ တရားမဝင် ငါးဝင်ရောက်ဖမ်းဆီးနေတဲ့ လှေတွေဟာ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် VMS စက်တွေကို ဒေသခံရွာတွေမှာရှိတဲ့ လှေငယ်တွေ ငှားရမ်းပြီး အဲဒီလှေငယ်လေးတွေပေါ်မှာ ပြောင်းလဲတပ်ဆင်ကာ တည်နေရာအချက်ပြစနစ်ကို မှားယွင်းအောင်ပြုလုပ်နေတယ်လို့လည်း ကမ်းနီးရေလုပ်သားတွေက ပြောပါတယ်။
အခုလို ကန့်သတ်ထားတဲ့ ကမ်းနီးဒေသတွေမှာ ငါးဝင်ရောက်ဖမ်းဆီးတဲ့အတွက် ငါး၊ ပုစွနေ၊ ကင်းမွန် စတဲ့ ရေသတ္တဝါတွေဟာ ရှားပါးလာပြီး ရေလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုနေတဲ့ ဒေသတွင်း ကျေးရွာသားတွေ စားဝတ်နေရေးအခက်ခဲ ရင်ဆိုင်နေကြရပါတယ်။