close

ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်

close

March 24, 2022

ကရင်နီစစ်ရှောင်များကို ကူညီသူ ၂ ဦး ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်ခံရ

ကရင်နီစစ်ဘေးရှောင်ကို ကူညီပေးတဲ့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၂ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက ချုပ်ရက်အပါအဝင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

ကယားပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုသက်မှူးအောင်နဲ့ ကိုကလဲမင်းမင်းဦးတို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မတ် ၂၂ ရက်နေ့က အမိန့်ချမှတ်ခဲ့တာပါ။

ကယားပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တဦးက “ပြီးခဲ့တဲ့ တမြန်နေ့ ၂၂ ရက်နေ့က ချတာ၊ လွိုင်ကော်မြို့နယ်တရားရုံးမှာ၊ ထောင်ဒဏ်တော့ ၃ နှစ်ချတယ်။ ဒီလို ဖမ်းဆီးထောင်ချလိုက်တဲ့အတွက် ကျနော်တို့ကို ထောင်ပဲ ချလို့ရမှာပေါ့၊ ကျနော်တို့ ခံယူချက်နဲ့ သွားနေတဲ့သူတွေတော့ ဒီတိုင်းပဲ ဆက်သွားနေမှာပေါ့။ စစ်အာဏာရှင်ကို‌တော့ အဆုံးအထိ တိုက်ပွဲဝင်သွားဖို့ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။ 

ကိုသက်မှူးအောင်နဲ့ ကိုကလဲမင်းမင်းဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခု ဇွန် ၁၂ ရက်နေ့က စစ်ဘေးရှောင်ပြည်သူတွေအတွက် ပေးပို့လာတဲ့ ပစ္စည်းတွေကို ကားဂိတ်မှာ သွားထုတ်ရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၉ လအကြာမှာ တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ကိုသက်မှူးအောင်နဲ့ ကိုကလဲမင်းမင်းဦးတို့ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေမှာ သပိတ်တပ်ဦးအဖြစ် လှုပ်ရှားခဲ့တဲ့ ကျောင်းသားတွေဖြစ်ပြီး  စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူခံတာနဲ့ပစ္စည်း ထုတ်ယူတာတွေမှာ ကူညီဆောင်ရွက်ခဲ့သူတွေဖြစ်တယ်လို့ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  စစ်ဘေးရှောင်အတွက် ပစ္စည်းသွားပို့ရင်း ဘောလခဲမြို့နယ် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုစိုင်းလင်းလင်းဦးနဲ့အတူ ဖမ်းဆီးခံခဲ့တဲ့  လူငယ်အမျိုးသမီး ၂ ဦးလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သူတို့တွေကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁  နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပေမယ့် ဘောလခဲမြို့နယ် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုစိုင်းလင်းလင်းဦး အခြေအနေကိုတော့ တစုံတရာ မကြားသိရသေးပါဘူး။

14 mins Ago
Up