ဟောင်ကောင်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းနေပြီဆိုတဲ့ အဆိုပြုချက်ကို လက်မခံနိုင်ဘူးလို့ ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က ဇန်နဝါရီ ၄ ရက်မှာ ပြောလိုက်ပါတယ်။
ရဲတွေက အွန်လိုင်းမီဒီယာဌာနတခုကို စီးနင်းအပြီး အကြီးတန်းအယ်ဒီတာတွေ အပါအဝင် လူ ၇ ယောက်ကို ဖမ်းဆီးအပြီး ရက်ပိုင်းအတွင်း ခုလို ပြောလိုက်တာပါ။
“အွန်လိုင်းမီဒီယာ ပိတ်လိုက်တာကြောင့် ဟောင်ကောင်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းသွားတာ ရင်ဆိုင်နေရပြီဆိုတဲ့ သတင်းကို ဒီမနက် ဖတ်လိုက်ရတယ်။ ဒီလိုစွဲချက်တွေကို လက်မခံနိုင်ဘူး၊ တရားဥပဒေစိုးမိုးရေးထက်ပိုပြီး အရေးကြီးတာ မရှိဘူး” လို့ ကယ်ရီလမ်က အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မီဒီယာလောက ယိုယွင်းလာတာကို ရင်ဆိုင်နေရတယ်လို့ ပြောရင်း နောက်ထပ် လွတ်လပ်တဲ့ အွန်လိုင်းမီဒီယာတရပ်ဖြစ်တဲ့ Citizen News သတင်းဌာနက လုပ်ငန်းရပ်ဆိုင်းလိုက်တာပါ။
ဟောင်ကောင်ဟာ စာနယ်ဇင်းလွတ်လပ်ခွင့် အပါအဝင် တဦးချင်း အခွင့်အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်ပေးမယ့် ကတိနဲ့အတူ တရုတ်ပြည်မကြီး အုပ်ချုပ်မှုအောက်ကို ၁၉၉၇ ခုနှစ်မှာ ပြန်ရောက်လာခဲ့တာပါ။
ဒါပေမဲ့ တရုတ်ပြည်မကြီးအစိုးရက ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀မှာ ပြဋ္ဌာန်းပြီးချိန်ကတည်းက ခုထိ လွတ်လပ်ခွင့်တွေ တိုက်စားခံနေရပြီလို့ လူ့အခွင့်အရေးအုပ်စုတွေနဲ့ အနောက်နိုင်ငံ အစိုးရတွေက ပြောနေကြပါတယ်။
ဟောင်ကောင်မှာ မျိုးချစ်ပါတီဝင်တွေ သီးသန့်ဝင်ပြိုင်ခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးသူနည်းခဲ့တဲ့ အချက်ကို ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က ဒီဇင်ဘာ ၂၀ ရက်မှာ ကာကွယ်ပြောဆိုခဲ့ပါတယ်။
မဲပေးသူ အရေအတွက်ဟာ ၂၀၁၆ က မဲပေးခဲ့သူ ဦးရေရဲ့ တဝက်လောက်သာ ရှိခဲ့ပြီး ၃၀ ဒသမ၂ ရာခိုင်နှုန်းသာ မဲပေးခဲ့တာပါ။
ရွေးကောက်ပွဲဆိုင်ရာ အပြောင်းအလဲတွေ လုပ်ခဲ့ပြီးတဲ့နောက် ခုလို မဲပေးသူနည်းခဲ့တာဟာ တရုတ်ပြည်မကြီး အစိုးရကို ပြစ်တင်ရှုတ်ချမှုတရပ်အဖြစ် ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူတွေက ရှုမြင်ခဲ့ကြပါတယ်။
“ဒါဟာ ရွေးကောက်ပွဲ အတုပဲ၊ အဂတိ လိုက်စားမှုတွေ ပိုပိုများလာလိမ့်မယ် ထင်တယ်” လို့ အသက် ၂၈ နှစ်အရွယ် ဟောင်ကောင် ဒေသခံတယောက်က ပြောပါတယ်။
တရုတ်ပြည်မကြီး ခေါင်းဆောင်တွေဆီ နှစ်ပတ်လည် အစီရင်ခံစာတင်ဖို့ ဒီအပတ်ထဲမှာ ပေကျင်းကို ကယ်ရီလမ်က သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။