close

ကရင်နီဒေသ

close

March 25, 2023

ကရင်နီဒေသ တိုက်ပွဲများတွင် စစ်ကောင်စီအရာရှိများအပါအဝင် ၉၀ ကျော်သေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ မတ် ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ၄ ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဘက်က အရာရှိတွေအပါအဝင် အယောက် ၉၀ ကျော် သေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာ နက ထုတ်ပြန်ပါတယ်။

ဒေါတမကြီးကျေးရွာထဲကို ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ကြတာဖြစ်ပါတယ်။

တိုက်ပွဲမှာ MA-1 ၁၀ လက် ၊ MA-2 ၁၀ လက် ၊ MA-3 ၁၀ လက် ၊ MA-4 79တွဲ ၁ လက် ၊ 9MM ပစ္စတို ၅ လက် ၊ RPG ၂ လက် ၊ ၆၀ မမ ပြောင်း ၂ ပြောင်း ၊ မိုင်းရှာစက် ၁ လုံး ၊ ဆက်သွယ်ရေးစက်တွေ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ ၊ ဖုန်း ၊ ဆက်စပ်ခဲယမ်းမီးကျောက်တွေ ၊ အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

 KNDF ဘက်က ရဲဘော် ၂ ယောက်အပါအဝင် ၊ KA က ရဲဘော် ၂ ယောက် ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရပြီး ကျဆုံး ရဲဘော်တွေကို အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူ ကျေးရွာဘက်ကို ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က စတင်ကာ  အင်အား ၃၃၀ လောက်ပါဝင်တဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ကာ ကရင်နီ ပူးပေါင်းတပ်တွေက လက်ရှိအချိန်ထိ ခုခံတိုက်ခိုက်နေကြတာဖြစ်ကာ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ပြင်းထန်နေတာ ဖြစ်တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

လတ်တလော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာတာကြောင့် ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်တွေဘက်ကကနေ နေ့စဥ် လက် နက်ကြီးတွေ ပစ်ကူခဲ့တဲ့အပြင် ဂျက်လေယာဥ် ၊ ရဟတ်ယာဉ်တွေနဲ့လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်တွေ လေ ကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှုတွေအပြင် မီးရှို့မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်အလုံး ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့လည်း KNDF က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်က ခုခံစစ်ကနေ ထိုးစစ်ဆင်နိုင်တဲ့ တိုက်ပွဲတွေ အရှိန်ကောင်းကောင်းနဲ့ ဖော်ဆောင်နိုင်ဖို့ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ မိဘပြည်သူတွေအနေနဲ့ အလေးနက်ထား အကူအညီပေးကြဖို့လည်း  တိုက်တွန်းထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

49 mins Ago

March 16, 2023

ကရင်နီဒေသတွင် တိုက်ပွဲများပိုဖြစ်နိုင်သဖြင့် ဗုံးခိုကျင်းတူးထားကြရန် ပြည်သူလူထုကို တိုက်တွန်း

ကရင်နီဒေသမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးတဝိုက်မှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားကြဖို့ တော်လှန်ရေး ရဲဘော်တွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ကရင်နီဒေသရဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှား‌တော၊ မိုးဗြဲ၊ လွိုင်ကော်နဲ့ ပင်လောင်းဒေသ အနီးနားတွေကို စစ်အင်အားအလုံးအရင်းနဲ့ အင်အားဖြည့်တင်းနေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းကို တနိုင်တပိုင် တူးထားကြဖို့ KNDF, KPDF နဲ့ တခြားရဲဘော်တွေက တိုက်တွန်းကြပါတယ်။

စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကိုပါ ဦးတည်ပြီး လက်နက်ကြီးနဲ့အပြင် လေကြောင်းက‌နေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုမဖြစ်စေဖို့ ရည်ရွယ်ပြီး အခုလို သတိပေးထုတ်ပြန်တာ ဖြစ်တယ်လို့လည်း KPDF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကရင်နီပြည်နယ်မှာရှိတဲ့ ရှေ့တန်းရောက်ရဲဘော်တယောက်က‌  “စစ်ပွဲက ကိုယ်နဲ့နီးလာပြီဆိုရင်ဖြစ်ဖြစ် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ၁၀ မိုင်အကွာလောက်မှာ ‌ရှိနေရင် ခါးတဝက်စာ၊ ဒါမှမဟုတ် ရင်ဘတ်နားလောက်ထိ L ပုံစံ တူးစေချင်တာ၊ ပြီးရင် သစ်တုံးတွေကိုတင်ပြီး အပေါ်ကနေ သဲအိတ်တွေ ထပ်တင်ထားစေချင်တာ” လို့ ပြောပါတယ်။

တကယ်လို့ အရေးပေါ်အခြေအနေမှာဆိုရင်တော့ နှစ်ပေပတ်လည် ငုံ့ပြီး ထိုင်လိုရတဲ့ အနေအထားမျိုး တူးရင်လည်း ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တာတွေကို ဂျီနီဗာကွန်ဗန်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေက ပိတ်ပင်တားမြစ်ထားပေမဲ့ တော်လှန်ရေးအားကောင်းတဲ့ မြိုနယ်တွေကိုတော့ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး အခုနှစ်ဆန်းပိုင်းအထိ ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၂၀၀ ထက်မနည်း အသုံးပြုခဲ့ပြီး ပြည်တွင်းအဖွဲ့စည်းတွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက တားမြစ်ထားပေမဲ့ ဒီနေ့ချိန်ထိ လေကြောင်းအသုံးပြု တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

1 week Ago
Up