ကရင်နီ (ကယား) ပြည်နယ် ဒီးမောဆိုမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း ခြေလက်အင်္ဂါ ပေးဆပ်စွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်ငွေနဲ့ ရိက္ခာ ဆန် ၁ အိတ်စီ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B05 က ထုတ်ပြန်ပါတယ်။
ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို တဦး ၅၀,၀၀၀ ကျပ်နဲ့ ရိက္ခာ ဆန် ၁ အိတ်စီ ရဲဘော် ၁၆ ဦးကို မေ ၁၀ ရက် နေ့လယ်ပိုင်းက ပထဆုံးအကြိမ်အဖြစ် ထောက်ပံ့ ချီးမြှင့်ခဲ့တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B05 တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း ၅ တဖွဲ့တည်း ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော် ၁၆ ဦးအထိ ရှိတယ်လို့ သိရပါတယ်။
ဒဏ်ရာအပြင်းအထန်ရထားတဲ့ ရဲဘော်တွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ မိသားစုဝင်တွေရဲ့ စောင့်ရှောက်မှုနဲ့အတူ ဆေးဝါးကုသမှု ပေးထားပေမဲ့ တချို့ရဲဘော်တွေဆို စကားတောင် မပြောနိုင်သေးတာကြောင့် လိုအပ်တဲ့ ဆေးဝါးကုသမှု ဆက်လက်ပေးသွားမှာဖြစ်ပြီး လစဉ်ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ KNDF B05 တပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ စက်တင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ကရင်နီတပ်က ရဲဘော် ပါစ္စကွားလယ်(ခ)ခိုးခိုရဲ့ ရုပ်အလောင်းကို ဒီကနေ့မှာ တပ်ဖွဲ့ဝင်တွေက သွားရောက် ကောက်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုဟ် ဂုဏ်ပြု အလေးပြုခဲ့ကြပါတယ်။
အလားတူ မနေ့ စက်တင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း ရဲဘော် ဒေါရိုဟာ ကုန်းသာကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး ကျဆုံးသွားတယ်လို့ ဒီးမော့ဆိုဇုန် KNDF က ထုတ်ပြန်ထားပါတယ်။
Photo : PDF-Loikaw , kndfdemoso